October 28, 2024

၂၆.၁၀. ၂၀၂၄
Translated by Htwe Ko Tun

စင်ကာပူရောက် မြန်မာနိုင်ငံသားအလုပ်သမားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနဲ့အတူ ပြတင်းပန်းဆွဲက အောက်သို့ပြုတ်ကျလုဆဲဆဲ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအသက်ကို ကယ်ဆယ်ခဲ့ကြလို့ ဆုချီးမြှင့်ခံခဲ့ရတယ်လို့ သိရသလို ဒီဖြစ်စဥ်မှာ မြန်မာနိုင်ငံသားက သုံးထပ်အမြင့်အထိ သက်စွန့်ဆံဖျား တက်ရောက်ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က စင်ကာပူနိုင်ငံမှာ လော်ရီကားမောင်းနှင်သူတစ်ဦးဖြစ်တဲ့ ဂျာဟဲဟာ အောက်တိုဘာလ ၂၀ ရက်၊ တနင်္ဂနွေနေ့ သူ့ရဲ့အားလပ်ရက်မှာ အိမ်ကနေ နေ့လယ်စာဝယ်ဖို့ ဆိုင်ကယ်နဲ့ထွက်လာချိန် အိမ်အနားက အိမ်ရာနဲ့ ဖွံ့ဖြိုးမှုဘုတ်အဖွဲ့အဆောက်အအုံအောက်ခြေမှာ လူတွေစုဝေးနေကြတာ မမျှော်လင့်ဘဲ တွေ့ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလည်းဖြစ်တဲ့ ဂျာဟဲဟာ လူအုပ်နားကို ဘာဖြစ်နေလဲ ချဉ်းကပ်သွားချိန်မှာတော့ အဆောက်အအုံရဲ့ သုံးထပ်မြောက်မှာရှိတဲ့ ပြတင်းပေါက်တစ်ခုရဲ့ အပြင်ဘက် ပန်းဆွဲလမ်းကျဉ်းလေးမှာ ကလေးငယ် ယောင်္ကျားလေးတစ်ယောက် မတ်တပ်ရပ်ရှိနေတာ တွေ့ခဲ့ရပါတယ်။ ကလေးငယ်က ပြတင်းပေါက်အပြင်ဘက် ပန်းဆွဲလမ်းကျဉ်းလေးမှာရှိနေခဲ့ပြီး အဆောက်အအုံထဲလည်းပြန်မဝင်နိုင်ဖြစ်ကာ မြေပြင်ကို ပြုတ်ကျမှာ စိုးရိမ်နေရတာပါ။

ဒီမှာပဲ စင်ကာပူမှာ အလုပ်လုပ်တာ ၁၇ နှစ်ရှိပြီဖြစ်တဲ့ ဂျာဟဲဟာ အမှတ် ၃၅၀ C၊ ကင်ဘာရာလမ်းက အဆောက်အအုံရဲ့ ပြတင်းပန်းဆွဲထက်မှာ ရောက်နေတဲ့ ကလေးငယ်ကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ကလေးငယ်ကို စတွေ့တွေ့ချင်း ဂျာဟဲက အဆိုပါကလေးငယ်ရဲ့အခန်းကိုသွားကာ တံခါးခေါင်းလောင်းကို တီးခဲ့ပါသေးတယ်။ ဒါပေမယ့် အခန်းထဲဘယ်သူမှရှိပုံမရပါဘူး။ ဒီမှာ သူက ကလေးငယ်ရှိတဲ့ ပြတင်းပန်းဆွဲကိုရောက်ဖို့ နံရံကို တွယ်တက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူက ဂျင်းဘောင်းဘီကိုဝတ်ထားတာကြောင့် လှုပ်ရှားရမလွယ်ဖြစ်ကာ ဒီလို အဆောက်အအုံနံရံကို တွယ်တက်လို့မဖြစ်နိုင်ခဲ့ဘဲ မြေပြင်ပေါ် ပြန်ဆင်းခဲ့ရပါတယ်။

ဒီအချိန်မှာ အသက် ၂၆ နှစ်ရှိ မြန်မာနိုင်ငံသား ပန်းချီဆရာတစ်ဦးဖြစ်တဲ့ စသူရအောင်က အဖြစ်အပျက်နေရာကို ရောက်လာပါတယ်။ သူကမြေအောက်ရထားစောင့်နေရင်း လူတွေစုနေတာတွေ့လို့ လာပြီးစုံစမ်းရင်းရောက်လာတာပါ။ သူကတော့ စင်ကာပူမှာအလုပ်လာလုပ်တာ တစ်နှစ်နဲ့ သုံးလပဲ ရှိပါသေးတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တဲ့ ဗီဒီယိုမှာတော့ ဂျာဟဲနဲ့ ဆသူရအောင်တို့နှစ်ဦး ရဲတပ်ဖွဲ့ ဝင်တွေရောက်မလာခင်မှာပဲ ပြတင်းပန်းဆွဲရှိ ကလေးငယ်ကို ခက်ခက်ခဲခဲတက်ရောက် ကယ်ဆယ်ခဲ့ကြတာကို တွေ့ကြရပါတယ်။ သူတို့နှစ်ဦးက ဒီလိုကယ်တင်နေချိန်မှာ ပြတင်းပန်းဆွဲနဲ့တည့်တည့်မြေပြင်မှာလည်း မတော်တဆ ကလေးငယ်ပြုတ်ကျလာခဲ့ရင် မြေပေါ်မကျအောင် ဖမ်းထားပြီး ကယ်ဆယ်ဖို့ စောင်တစ်ထည်ကို ဖြန့်ကာစောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။

ဒီမှာ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦးကူညီပြီး စသူရအောင်ဟာ အဆောက်အအုံသုံးထပ်ရှိ ပြတင်းပန်းဆွဲကို တက်နိုင်ခဲ့ပါတယ်။ ဒီမှာ သူက ပြတင်းပန်းဆွဲလမ်းကျဉ်းလေးအတိုင်းလျှောက်သွားကာ ကလေးငယ်ကိုပွေ့ဖက်သယ်ယူပြီး ပြတင်း ပေါက်ကနေ အခန်းထဲ လုံခြုံတဲ့ဆီပြန်ထည့်ပေးကာ ကလေးငယ် အသက်ကို ကယ်ဆယ်နိုင်ခဲ့ပါတော့တယ်။ သူတို့နှစ်ဦးက ကယ်ဆယ်ခဲ့ချိန်မှာ ကလေးငယ်ဟာ လှုပ်ရှားမှုလုံးဝမရှိဘဲ လက်တွေအေးစက်နေတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဒီလိုအသက်စွန့်ကြိုးပမ်းပြီး ကလေးငယ်တစ်ဦးကို အသက်ကယ်နိုင်ခဲ့တာကြောင့် အောက်တိုဘာ ၂၅ ရက်မှာတော့ စင်ကာပူမြို့ပြကာကွယ်ရေးအဖွဲ့(SCDF) က အဖွဲ့ရဲ့ဌာနချုပ်မှာ သူတို့နှစ်ဦးကို လူ့အသိုင်းအဝန်းအတွင်း သက်စွန့်ကြိုးပမ်းအသက်ကယ်မှုအတွက် ချီးမြှင့်တဲ့ Community Lifesaver Award ဆုကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခုနှစ်နှစ်အရွယ်သားတစ်ဦးရှိတဲ့ ဂျာဟဲကတော့ “ဒီကလေးကို ကျွန်တော့သားလေးလိုပဲ စိတ်ထဲမှာထားပြီး ကယ်ဆယ်မှုကို ဆောင်ရွက်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ စသူရအောင်ကလည်း သူ့မှာ ခြောက်နှစ်သားတူမတစ်ယောက်နဲ့ လေးနှစ်သား တူတစ်ယောက်တို့ရှိတာမို့လို့ သူ့တူမနဲ့တူ တို့မှာလည်း ဒီလိုအခြေအနေမျိုး ဘယ်တော့မှမကြုံကြရစေဖို့လည်းဆုတောင်းပါတယ်လို့ ပြောခဲ့ပါတယ်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *