October 28, 2024

၂၆.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၅)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းမကြီးပေါ် ၊ MAX ဆီဆိုင်အနီးတွင် စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရသောကြောင့် သေဆုံးသွားကြောင်း ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၅ ရက် ည ၈ နာရီခွဲခန့်အချိန်က ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်အကြောင်းကြားသည့်အတွက် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြကာ ယာဉ်တိုက်ခံရသော အမျိုးသမီးအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူက စိတ်မနှံ့ဘူးလို့ သိရတယ်။ အရင်ရက်တွေကလည်း အဲဒီလိုပဲ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတာလို့ ကြားသိရတယ်။ ကျွန်တော်တို့အသင်းက ပို့တာ။ ဆေးရုံရောက်တော့ ဆုံးသွားရော။ သူ့မိသားစုနဲ့လည်း ဆက်သွယ်လို့ မရဘူးလေ။ ဒါကြောင့် ပိုင်ရှင်မဲ့အနေနဲ့ ဆေးရုံကို အပ်ခဲ့တယ်”ဟု ဝန်းရံမှူး လူမှူကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက MT News ကို ပြောသည်။

သေဆုံးသည့် စိတ်မနှံ့အမျိုးသမီးမှာ အသက် ၃၀ ခန့်အရွယ်ဖြစ်ကြောင်း၊ ၎င်းကို တိုက်မိသည့်ယာဉ်၏ ယာဉ်မောင်းကလည်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးခြင်းမရှိဘဲ ၎င်းနေရာအနီးတွင် စောင့်နေကြောင်းလည်း သိရသည်။

“ကျွန်တော်တို့သိသလောက်က အဲဒီကားက သူ့လမ်းကို သူမောင်းလာတာ။ ကားက တိုက်မိတာမဟုတ်ဘဲ ကားကို အမျိုးသမီးက ဝင်တိုက်တာမျိုးလို့ ပြောနေကြတယ်။ စိတ်မနှံ့ဖြစ်နေတော့ ထင်ရာလျှောက်သွားနေတာ။ ကျွန်တော်တို့လည်း ဆီဆိုင်ကိုလာရင်တွေ့တယ်။ အဲဒီ တစ်ယောက်ကိုလေ။ ဟိုရက်တွေကလေ”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက MT News ကို ပြောပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *