October 28, 2024

၂၆.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို အောက်တိုဘာ ၂၆ ရက် နံနက်ခင်းမှာ တိုက်ရိုက်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ အီရန်ရဲ့ အောက်တိုဘာလဆန်းပိုင်းမှာ အစ္စရေးနိုင်ငံကို တိုက်ချင်းပစ်ဒုံးကျည် ၁၈၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို လက်စားချေတုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးစစ်ဘက်က အီရန်နိုင်ငံအတွင်းမှာရှိတဲ့ စစ်ဘက်အဆောက်အအုံတွေကို တိကျစွာတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ အစ္စရေးရဲ့ တုံ့ပြန်တိုက်ခိုက်မှုပစ်မှတ်တွေမှာ စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံတွေမပါဝင်ဘူးဆိုတာလည်း အစ္စရေးစစ်ဘက်က ပြောခဲ့ပါသေးတယ်။

အီရန်ဘက်က‌တော့ အစ္စရေးရဲ့ဒုံးပျံတိုက်ခိုက်မှုတွေကို ကြားဖြတ်တိုက်ခိုက်မှုပြုနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စစ်ဘက်အခြေခံ အဆောက်အအုံတွေအနေနဲ့ အနည်းငယ်သာပျက်စီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ကောင်းကင်ပြင်မှာ ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေနဲ့ ဆူညံနေခဲ့ပါတယ်။

အစ္စရေးရဲ့ခုလိုတိုက်ခိုက်မှုက နှစ်ကြာရှည်စွာဖြစ်ပွားနေရတဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းမှ စစ်ရေးအင်အားကြီးနိုင်ငံနှစ်ခုရဲ့ တင်းမာမှုက ဒေသတွင်းစစ်ပွဲတစ်ရပ်အသွင် ပြောင်းလဲလာမှာကို စိုးရိမ်နေကြပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကတော့ အစ္စရေးနိုင်ငံရဲ့ အီရန်နိုင်ငံသို့ လက်စားချေတိုက်ခိုက်မှုက ပြီးဆုံးခဲ့ပြီဖြစ်ပြီး အစ္စရေးလေတပ်လေယာဉ်တွေလည်း ဘေးအန္တရာယ်ကင်းစွာ ပြန်ရောက်လာကြပြီလို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်ကတော့ အီရန်အနေနဲ့ အစ္စရေးနိုင်ငံကို ပြန်လှန်တိုက်ခိုက်မှုတွေ မပြုလုပ်သင့်ကြောင်းနဲ့ ပြုလုပ်ခဲ့ရင် ဖြစ်လာတဲ့အကျိုးဆက်တွေအတွက် အီရန်က တာဝန်ယူရမယ်လို့ အောက်တိုဘာလ ၂၆ ရက်မှာပဲကြေညာခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဆင်းဆာဗက် ကလည်း “အစ္စရေးရဲ့ အီရန်စစ်ဘက်အဆောက် အအုံတွေကို တိုက်ခိုက်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအတွက် လေ့ကျင့်တာဖြစ်ပြီး အီရန်ရဲ့ အစ္စရေးကို အောက် တိုဘာလ ၁ ရက်က တိုက်ချင်းပစ်ဒုံးပျံတွေနဲ့ တိုက်ခိုက်ခဲ့မှုကို လက်စားချေတာပဲလို့ နားလည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Ref- CNN, The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *