October 28, 2024

၂၆.၁၀.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် ဧည့်စာရင်းမတိုင်သည့် မြန်မာ ၃၀ ဦး အဖမ်းခံထားရကာ ယင်းတို့အနေဖြင့် ထိုင်းနိုင်ငံအစိုးရ၏ ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်က ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ အနေဖြင့် စမွတ်ဆာခွန်ခရိုင်၊ မူယန်မြို့နယ်၊ ခုတ်ခန်ကျေးရွာရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ကြသော တန်းလျားတစ်ခုကို ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မည်သည့်နိုင်ငံသားဖြစ်စေ နိုင်ငံအစိုးရ၏ သတ်မှတ်ထားသော ဥပဒေရ မိမိတို့နေထိုင်ကြသည့် ခရိုင်တစ်ခုက အခြားခရိုင်တစ်ခုသို့ သွားရောက်စဉ် တစ်ညအိပ်ထက် ပိုမိုကြာရှည်မည်ဆိုပါက ရောက်ရှိသည့်အချိန်မှ ၂၄ နာရီအတွင်း သက်ဆိုင်ရာ နယ်မြေလူဝင်မှုကြီးကြပ်ရေးဌာနတွင် ဧည့်စာရင်းတိုင်ကြားရမည်ဟု ဥပဒေ ထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းသို့ ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက ပုဒ်မ ၃၇ (၂)၊ ၃၈ အရ ထောင်ဒဏ် ၁၅ ရက်မှ ၁ လအထိလည်းကောင်း (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၈၀၀ မှ ဘတ် ၁၀၀၀၀ ထိလည်းကောင်း ဒဏ်ငွေပေးဆောင်ရကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံမှာ ခရိုင်တစ်ခုကနေ တစ်ခုကို သွားလည်ကြတာရှိတယ်။ တရားဝင် အလုပ်ပိတ်ရက်တွေ၊ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ အလုပ်နားရက်ယူတဲ့သူတွေပေါ့။ ကျွန်တော်တို့ နိုင်ငံသားတွေက ဧည့်စာရင်းတိုင်တယ်ဆိုတဲ့ အလေ့အထ၊ အဲဒီယဉ်ကျေးမှု မရှိဘူး။ မရှိခဲ့တာက မြန်မာနိုင်ငံမှာက ထိုင်းနိုင်ငံလို တင်းကျပ်တာမဟုတ်ဘူးလေ။ မြန်မာနိုင်ငံမှာက ဧည့်စာရင်းတိုင်ရတယ်ဆိုတာကိုတောင် ကန့်လန့်တိုက်နေကြတုန်း။ အဲဒီ အလေ့အထက သူများနိုင်ငံကိုရောက်သွားတဲ့အခါလည်း အကျင့်ပါသလိုဖြစ်တာ။ အရေးမကြီးပါဘူးလေဆိုတဲ့ ခပ်ပေါ့ပေါ့ အတွေးအခေါ်တွေပေါ့။ အခုက တရားဝင်လုပ်သားတွေဖြစ်ပါလျက်နဲ့ ဧည့်စာရင်းကိစ္စကြောင့် အနည်းဆုံးတော့ ဒဏ်ဆောင်ကြရတော့မယ်လေ။ ကျွန်တော်တို့ မြန်မာလုပ်သားတွေ ဂရုတစိုက်နေတတ်ဖို့ပဲ သတိကပ်ထားကြပါလို့ပဲ အကြံပြုချင်ပါတယ်”ဟု ထိုင်းနိုင်ငံတွင်းရွှေ့ပြောင်းအလုပ်သမားအရေး လိုက်ပါဆောင် ရွက်နေသူတစ်ဦးက MT News ကို ပြောသည်။

Sources-Photos=siamrath , Siamrathm , siameagle

Leave a Reply

Your email address will not be published. Required fields are marked *