October 28, 2024

၂၆. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀၊ တရုတ်ယွမ် ၈ သိန်းကျော်နှင့် ထိုင်းဘတ် ၂ သိန်းကျော် ထပ်မံထုတ်ရောင်း၍ သီတင်းကျွတ်ရုံးပိတ်ရက်အပြီး နိုင်ငံခြားငွေများ ခြောက်ရက်ဆက်တိုက် ထုတ်ရောင်းခဲ့သလို နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော် ထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၂၅ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် သီတင်းကျွတ်ရုံးပိတ်ရက်မတိုင်မီ အောက်တိုဘာ ၁၅ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ နီးပါးနှင့် ဒေါ်လာ ၆ သန်းကျော် ထုတ်ရောင်းပေးခဲ့သလို သီတင်းကျွတ်ရုံးပိတ်ရက် နောက်ဆုံးရက် အောက်တိုဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ခြောက်ရက်ဆက်တိုက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ ၂၁၅ သန်းခွဲကျော်၊ ထိုင်းဘတ် ၇၃၅ သန်းရောင်းပေးခဲ့သလို တရုတ်ယွမ် ၃၃ သန်းကျော် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလျံကျော်) ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ယနေ့တွင် တစ်ဒေါ်လာ ၄၆၃၀ ကျပ်အထိ ကျဆင်းလာခဲ့သော်လည်း ဗဟိုဘဏ်အနေဖြင့် အောက်တိုဘာလ ၂၅ ရက် (ယမန်နေ့)တွင် Online Trading Platform မှ တစ်ဒေါ်လာ ၃၅၆၈ ကျပ်ဖြင့်သာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ဆွဲတင်ကာ ရွှေဈေးနှုန်း ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မှုရှိနေသော်လည်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းနေမှုကြောင့် ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ အောက်တွင်သာ ဆက်ရှိနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *