October 28, 2024

၂၆.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် အောက်တိုဘာလ ၂၅ ရက်က တစ်ရက်တည်း မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီး​ငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ သိင်္ဂီလမ်းရှိ ကြယ်စင်(၁) ၄ ခန်းတွဲ ၂ ထပ်အဆောင်တွင် မီးသွေးမီးဖိုဖြင့် ဟင်းချက်ထားစဥ် ၅ ဂါလံဓာတ်ဆီပုံးကို ခလုတ်တိုက်မိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ ၁၀ မိနစ်ကြာလောင်ကျွမ်းခဲ့ရာ ကြမ်းခင်းနှင့်ဘေးအကာ၊ ဓာတ်ဆီနှင့် အတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ငှားနေသူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတွင် ညာလက်ခုံနှင့်လက်ဖဝါး မီးဟပ်ဒဏ်ရာ၊ အသက် ၆၅ နှစ်အရွယ် အဘိုးအို၏ ဘယ်ဘက်လက်ဖျံမီးဟပ်ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၂ ဦးကို မေတ္တာပါရမီလူမှုကူညီရေးအသင်းမှ သူနာတင်ယာဥ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ပေးခဲ့ပြီး လူနာ ၂ ဦးမှာအသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

​မီးလောင်မှုကြောင့် အသက် ၃၉ နှစ်အရွယ် အိမ်ငှားအမျိုးသမီးကို ပုဒ်မ ၂၈၅၊ ၃၃၇ တို့ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက် ည ၆ နာရီ မိနစ် ၅၀ ခန့်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ဒိုင်းစုကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းပတ်လမ်းရှိ အလျား ပေ ၄၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ ဝါးခင်း၊ ဝါးကာလူနေအိမ်တွင် လူမရှိဘဲ ဘတ္ထရီစက်ဘီးကို ဆိုလာဖြင့် အားသွင်းခဲ့ရာ ဘတ္ထရီအပူလွန်ကဲပြီးအနီးရှိ ဝါးကပ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၁၃ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး လူနေအိမ်၊ ဘတ္ထရီစက်ဘီးနှင့် အတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့သ​​ဖြင့် အသက် ၆၄ နှစ်အရွယ် အဘိုးအိုကို ပုဒ်မ၂၈၅ ဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *