October 28, 2024

၂၆. ၁၀. ၂၀၂၄
Written by Thettant

ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး အတွက် နေ့စဉ်ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သတ်မှတ်ထုတ်ပြန်ရန် “ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီ” ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူ ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၂၄ ဖြင့် ဖွဲ့စည်းခဲ့သည့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။

အဆိုပါ ကော်မတီအနေဖြင့် နိုင်ငံတော်အတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ၁၉၆၇ ခုနှစ်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ထုတ်ဝေသည့် တွက်ချက်မှုအမျိုးမျိုးနှင့် စံနှုန်းများ၌ပါရှိသော ဓာတ် သတ္တု(ရွှေ)အတွက် အသုံးပြုသည့် မြန်မာ့အလေးချိန်၊ နေ့စဉ် ကမ္ဘာ့ရွှေဈေးနှုန်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ပြည်တွင်းရွှေဈေးကွက်အခြေအနေတို့ကို အခြေခံ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန်သည့် ငွေလဲလှယ်နှုန်းဖြင့် စိစစ်တွက်ချက်ထားသောမြန်မာနိုင်ငံအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးကို ကော်မတီဝင်အနည်းဆုံး လေးပုံသုံးပုံတက်ရောက်၍ နေ့စဉ် Online Virtual Meeting ပြုလုပ်ပြီး အတည်ပြုသတ်မှတ်ထုတ်ပြန်ခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။

ထို့အပြင် ရွှေလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ဓာတ် သတ္တု(ရွှေ)ရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးလုပ်ငန်းအဖွဲ့မှ နေ့စဉ်တင်ပြလာသည့် ရွှေဈေးနှုန်းကို ထည့်သွင်း စိစစ်ဆောင်ရွက်ခြင်း၊ နေ့စဉ်တွက်ချက်ထုတ်ပြန်သည့်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး အား အများပြည်သူသိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်း ထူးခြားသိသာစွာပြောင်းလဲမှုများဖြစ်ပေါ်လာပါက ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကို အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းသတ်မှတ် ထုတ်ပြန်ခြင်း၊ လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်း၊ နိုင်ငံတော်အတွင်းရွှေ
ဈေးကွက် မတည်မငြိမ်ဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်မှုများကို ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထုတ်ပြန်၍ ကာကွယ်တားဆီးခြင်းနှင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လိုအပ်ပါက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အပါအဝင် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက် များရယူဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများကိုလည်း လုပ်ဆောင်ရမည်ဟု တာဝန်ပေးထားသည်။

လူမှုကွန်ရက်တွင် အောက်တိုဘာ ၂၄ ရက်မှစတင်၍ ဒေါ်လာစျေးဆွဲတင်ပြီး ရွှေစျေးကို ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မည်ဟု ကောလာဟလဖြန့်ဝေမှုများကြောင့် ရွှေနှင့်ဒေါ်လာ စျေးတစ်ပြိုင်နက် ဆွဲတင်နေချိန်တွင် ယခင်က သတ်မှတ်ရန် နှောင့်နှေးနေသည့် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် စတင် သတ်မှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်က ပြဋ္ဌာန်းခဲ့သော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းနှင့် လုပ်ငန်းများကို ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ရာတွင် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့် စသည်တို့ကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေကျပ် ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရနိုင်ကြောင်း သိရပြီး ယခုကဲ့သို့ ရွှေကိုအရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ရွှေစျေးကစားသူများ ဖမ်းမိခြင်းနှင့် သတ်မှတ်စည်းမျဥ်းများလိုက်နာခြင်းမရှိပါက ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးခြင်း ခံရတော့မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *