October 28, 2024

◾ ယခုပေးအပ်မှုက လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်းမှ ထိခိုက်လွယ်ပြည်သူများအတွက် အမေရိကန် ပေးအပ်သည့် လူသားချင်းစာနာမှုအကူအညီပေးအပ်မှုစုစုပေါင်းပမာဏကို ဒေါ်လာ ၁၄၁ သန်းအထိ ရှိစေခဲ့သည်ဟုပါ ပြော

၂၆. ၁၀. ၂၀၂၄
Written by Thettant

လူတစ်သန်းကျော် ဒုက္ခကြုံခဲ့သည့် မြန်မာရေဘေးအတွက် အမေရိကန်က ဒေါ်လာ ၃ သန်း ထပ်မံပေးအပ်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

စက်တင်ဘာလဆန်းတွင် ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်ခဲ့သည်မှစ၍ ပြင်းထန်သောရေကြီးမှုဖြင့် လူတစ်သန်းကျော်ကို အကျိုးသက်ရောက်စေခဲ့သည့် တိုင်ဖွန်းရာဂီကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် လူသားချင်းစာနာမှုအကူအညီလိုအပ်မှုများကို တုံ့ပြန်ရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဆောင်ရွက်လျက်ရှိရာ တိုင်ဖွန်းရာဂီ၏ အကျိုးသက်ရောက်မှုခံခဲ့ရသည့် မြန်မာနိုင်ငံအတွင်းမှ ရေဘေးသင့်ပြည်သူများကို ကူညီရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ရန်ပုံငွေ ဒေါ်လာ ၃ သန်းကို ပေးအပ်သွားမည်ဖြစ်သည်။

၎င်းမှာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို လေ့လာရန်၊ USAID၏ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးအပ်သည့် မိတ်ဖက်များနှင့်တွေ့ဆုံရန်နှင့် ကပ်ဘေးတုံ့ပြန်ရေးအတွက် အခြားနည်းလမ်းများရှာဖွေရန် USAID ၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံတွင်းရှိ ရေဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ကြသော ခရီးစဉ်၏ ရလဒ်ဖြစ်သည်။

ဤရေဘေးတုံ့ပြန်မှုထပ်ဆောင်းရန်ပုံငွေသည် ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအကူအညီများကို ဖြန့်ဖြူးခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် တုံ့ပြန်ဆောင်ရွက်မှုများဆက်လက်ပြုလုပ်နေသည့် USAID ၏ မိတ်ဖက်များအတွက် ဖြည့်စွက်ကူညီခြင်းတို့အပါအဝင် လူသားချင်းစာနာမှုအကူအညီ ပေးအပ်သည်မိတ်ဖက်အဖွဲ့အစည်းများက ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ချောမွေ့အဆင်ပြေစေမည် ဖြစ်သည်။

အဆိုပါ ထပ်တိုးရန်ပုံငွေသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်မှုများကို ဖြေရှင်းရန် အမေရိကန်အစိုးရက ထပ်မံပေးအပ်ထားသည့်ရန်ပုံငွေ ဒေါ်လာ ၄၇ သန်းကျော်အပြင် ထပ်မံပေးအပ်ခြင်းဖြစ်ပြီး ဒေါ်လာ ၁၇ သန်းကျော်မှာ USAID ၏ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဗျူရိုမှဖြစ်ကာ ဒေါ်လာ ၂၇သန်းနီးပါးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူဦးရေ၊ ဒုက္ခသည်နှင့်ရွှေ့ပြောင်းသွားလာမှုဗျူရိုမှ ဖြစ်သည်။ ယခုပေးအပ်မှုက လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်းမှ ထိခိုက်လွယ်ပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် လူသားချင်းစာနာမှုအကူအညီပေးအပ်မှုစုစုပေါင်းပမာဏကို ဒေါ်လာ ၁၄၁ သန်းအထိ ရှိစေပြီး လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာထွက်ပြေးမှုနှင့် ကြီးထွားလာသော စားနပ်ရိက္ခာချို့တဲ့မှုများရင်ဆိုင်‌နေကြရသည့် ဘေးသင့်လူ့အသိုက်အဝန်းများသို့ ထောက်ပံ့ပေးအပ်လျက်ရှိသည်ဟုလည်း ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *