October 25, 2024

၂၅.၁၀.၂၀၂၄
Written By Zun

လားရှိုးမြို့ကို တပ်မတော်က ယနေ့ ဗုံး ၆ ကြိမ် ထပ်မံကြဲချခဲ့၍ MNDAA အခြေချရာ မယ်ဟန်ကျေးရွာက ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံ ဆိုးဆိုးရွားရွား ပျက်စီးသွားကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်က ၂ နာရီခန့်အချိန်ထိ ဗုံးကြဲမှု ၅ ကြိမ် ဆက်ကြဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သောကြောင့် သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံအပြင် အနီးပတ်ဝန်းကျင်ရှိအဆောက်အဦများနှင့် ခန်းမတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗုံးကြဲချသောကြောင့် ဆိုင်ကယ်စီးလာသူတစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကာ ယင်းမှာ အရပ်သားဖြစ်ကြောင်း MNDAA က ပြောဆိုသော်လည်း သေဆုံးသူမှာ MNDAA အဖွဲ့ဝင် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လားရှိုးကို ဗုံးကြဲနေတာ ဆက်တိုက် ဖြစ်နေတာ။ ဘယ်သူမှ အပြင်ကို မထွက်ရဲကြဘူး။ သူတို့တွေပဲ ထွက်နေကြတာ။ သွားလိုက်လာလိုက် လုပ်တာ သူတို့ပဲလုပ်တာ။ သေတာလည်း သူတို့ထဲကပဲလေ။ ကျွန်တော်ပြောဖူးပါတယ်။လားရှိုးကလူတွေ စစ်ရှောင်နေကြပြီ။ ဟိုတလောက ပြန်လာကြတဲ့ တချို့တွေရှိတယ်။ အခု အဲဒီပြန်လာသူတွေလည်း စစ်ရှောင်ဖို့ ပြန်ကြပြန်ပြီ”ဟု ယင်းဒေသခံက MT News ကို ပြောသည်။

ထို့ပြင် ယခုည ၈ နာရီကျော် အချိန်ကလည်း ၆ ကြိမ်မြောက်အဖြစ် MNDAA လက်နက်ကိုင်များ အခြေချရာ AD အကျော် ၆၈ တပ်အနီး ထပ်မံကြဲချသွားပြီး ထိခိုက်မှုအခြေအနေကိုမူ သိရှိရခြင်း မရှိသေးကြောင်း သိရသည်။

MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ်တပ်မတော်က ကြေညာပြီးနောက်ပိုင်း လားရှိုးမြို့အနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ယနေ့ အောက်တိုဘာလ ၂၅ ရက် ထိ အကြိမ်ရေ ၃၀ ခန့်ရှိပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၃ ရက်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ ကြောင်း၊ ယင်းလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မယ်ဟန်ကျေးရွာအုပ်စု ခိုဆန်တန်ကျေးရွာရှိ ရိုးရာဆန်အရက်ချက်စက်ရုံ ဟောင်း၊ အမှတ်(၁) ရဲစခန်း၊ ရပ်ကွက် ၁၂ အနီးနှင့် အကျဉ်းထောင်တို့ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *