October 25, 2024

◾️ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် ကြိုးစားကြပါက မြန်မာနိုင်ငံသည် ဒေသတွင်းသာမက ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်ရှိမည်ဟုပါ ပြောကြား

၂၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆)မှ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံစဉ်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်၊ ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ၊ နိုင်ငံ သားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသားရေးတာဝန်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် တပ်မတော်ကို ပြည်သူ့အားဖြင့် ပူးပေါင်းကူညီကြရမည် ဖြစ်သကဲ့သို့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတာဝန်များကို ပြည်သူနှင့်တပ်မတော် အတူတကွ ဦးထမ်းပဲ့ထမ်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည်ကို မိမိတို့ဖြတ်သန်းခဲ့သည့်သမိုင်းက ပြဆိုခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားဖြင့်သာ အဓိကထား တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ်များရှိနေသည့် မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားကြပါက မိမိတို့နိုင်ငံသည် ဒေသတွင်းမှာသာမက ကမ္ဘာ့ထိပ်တန်းအဆင့်အထိ ရောက်ရှိမည်မှာ မလွဲဧကန်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတိုနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော် မှီတင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ထိုကြောင့် ပြည်ထောင်စုနိုင်ငံတွင် ပြည်ထောင်စု စိတ်ဓာတ်ထားရှိကြရန် အလွန်အရေးကြီးကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်မှာ မိမိတိုတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် “တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်၊ တို့အားလုံးသည် သွေးချင်းညီအစ်ကိုများဖြစ်ပြီး အရေးကြီးရင် သွေးနီးကြရမည်” ဆိုသည့်စိတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများ ဖြစ်ကြပြီး နိုင်ငံတော်ကို ပူးပေါင်းကာကွယ်စောင့်ရှောက်ကြရမည်” ဆိုသည့်စိတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံတွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်ထားပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည်များကို စတင်ပြင်ဆင် ဆောင်ရွက်နေပြီဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *