October 25, 2024

၂၅. ၁၀. ၂၀၂၄
Written by Tha Doe

ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင် စုဝန်ကြီးဦးခင်မောင်ရီက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်ဟု သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ၊ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်သည်ဟု ထုတ်ပြန်စာတွင် ဖော်ပြထားပြီး

လူမှုကွန်ရက်တွင် ယမန်နေ့မှစတင်၍ ဒေါ်လာစျေးဆွဲတင်ပြီး ရွှေစျေးကို ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မည်ဟု ကောလာဟလဖြန့်ဝေမှုများကြောင့် ရွှေနှင့်ဒေါ်လာ စျေးတစ်ပြိုင်နက် ဆွဲတင်နေချိန်တွင် ယခင်က သတ်မှတ်ရန် နှောင့်နှေးနေသည့် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်က ပြဋ္ဌာန်းခဲ့သော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းနှင့် လုပ်ငန်းများကို ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ရာတွင် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့် စသည်တို့ကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေကျပ် ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရနိုင်ကြောင်း သိရပြီး ယခုကဲ့သို့ ရွှေကိုအရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ရွှေစျေးကစားသူများ ဖမ်းမိပါက ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးခြင်း ခံရတော့မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *