October 25, 2024

၂၅. ၁၀. ၂၀၂၄
Written by Tha Doe

မြန်မာနိုင်ငံကနေ တင်လာသွင်းတဲ့ မုန့်ဟင်းခါး၊ အမဲသား၊ကြက်သား၊ ဘဲသားနဲ့ အသားမျိုးစုံ ထုတ်ကုန်ပစ္စည်းတွေဟာ တရားမဝင်ကြောင်းနဲ့ စားသုံးဖို့ မသင့်ကြောင်း အမေရိကန် အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS (food safety and inspection service) က သတိပေးတားမြစ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံက FSIS က အောက်တိုဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာထုတ်ကုန်တွေဖြစ်တဲ့ Best အသားဟင်း စည်သွပ်ဗူးအမဲနှပ်၊ ဘဲသွေးနဲ့ ရှယ်ကြက်သားဒံပေါက်၊ ထိမိဂွိမော်လမြိုင်မုန့်ဟင်းခါး၊ အိမ်ချက် မုန့်ဟင်းခါးဟင်းရည်အနှစ်နဲ့ အုန်းနို့ခေါက်ဆွဲဟင်းရည်အနှစ်၊ မင်းသားကြီး ငါးကျည်းကျက် ငါးခြောက်စတဲ့ စားသောက်ကုန်တွေပါဝင်ပါတယ်။

ဒီထုတ်ကုန်တွေမှာ တရားဝင်ခွင့်ပြုချက်မပါသလို၊ USDA စစ်ဆေးချက်အမှတ်အသားလည်း မပါဘူးလို့ သတိပေးချက်မှာဖော်ပြထားသလို ဒီစားသောက်ကုန်တွေကို Arizona၊ California၊ Iowa၊ Kansas၊ Maryland၊ Minnesota၊ Nebraska နဲ့ Oklahoma ပြည်နယ် လက်လီဆိုင်တွေကို အဓိက တင်ပို့တာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

FSIS ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကလည်း အဖွားလက်ရာ အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးအစုံ၊ စံပြဒေါ်ကြည် မုန့်ဟင်းခါး အနှစ်၊ ထိမိဂွိ မော်လမြိုင် မုန့်ဟင်းခါးအနှစ်တွေကို စားသုံး ရောင်းချခြင်းမပြုဖို့ သတိပေးခဲ့ပါသေးတယ်။

Ref, VOA & FSIS.USDA
ပုံစာ။ အမေရိကန် အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က ပုံနှင့်တကွ ထုတ်ပြန်တားမြစ်တဲ့မြန်မာအစားအစာများ

Leave a Reply

Your email address will not be published. Required fields are marked *