၂၅ .၁၀. ၂၀၂၄
Written by Hey Mar
လားရှိုးကနေ ရန်ကုန်ကိုလာတဲ့ အမျိးသမီးကြီးတစ်ဦး အောင်မင်္ဂလာကားဝင်းထဲက ကားဂိတ်မှာ ဆုံးပါးသွားတဲ့ ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားခဲ့တဲ့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မန္တလေး – ရန်ကုန်ကားကို စီးလာတဲ့ အဆိုပါအမျိုးသမီးကြီးက အောင်မင်္ဂလာကားဂိတ်အရောက် ကိုယ်လက်မအီမသာဖြစ်ပြီး ဂိတ်မှာပဲ နားနေခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ပြန်ပို့ပေးရမယ့် နေရပ်မေးမြန်းတဲ့ အခါမှာလည်း သူက လားရှိုးကနေ ရန်ကုန်ကို ထွက်လာခဲ့တာဖြစ်ကြောင်း၊ လတ်တလော ဘယ်သွားရမှန်းမသိသေးကြောင်း ပြောဆိုတာကြောင့် ဂိတ်မှူးက ပရဟိတ အသင်းဆီ ဖုန်းဆက်အကြောင်းကြားကာ သင့်လျော်တဲ့ ဆေးရုံဆေးခန်းပို့ပေးဖို့နဲ့ နားခိုနိုင်မယ့်နေရာ စီစဉ်ပေးဖို့ ကြယ်စင်မေတ္တာ ပရဟိတအသင်းက သက်ဆိုင်ရာထောက်ခံစာတွေ ရယူနေစဉ်မှာပဲ ရုတ်တရက် အမောဖောက်သေဆုံးခဲ့တာလို့ သိရပါတယ်။
“သေတော့မှ ကားဂိတ်ကလည်း သူ့မှတ်ပုံတင်က နေရပ်လိပ်စာအတိုင်း ချိတ်ဆက် ရှာဖွေကြတော့ တိုက်ကြီးက သူ့သားနဲ့ ချွေးမကို ဆက်သွယ်လို့ ရတယ်။ ဒီနေ့ (အောက်တိုဘာ ၂၅)မနက်ပဲ ရေဝေးမှာ သင်္ဂြိုဟ်တယ်။အဒေါ်ကြီးပါလာတဲ့ ငွေသား တစ်သိန်း နှစ်သောင်းရယ်။ အစိမ်းရောင်ကျောက်နားကပ် တစ်ရံရယ်၊ အားကုန်နေတဲ့ ဖုန်းနဲ့၊ အဝတ်အိတ်ကို သူ့ဆွေမျိုးတွေဆီ အပ်ပေးခဲ့ပါတယ် ” လို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဖြစ်စဉ်နဲ့ ပတ်သတ်လို့ MT News ကို ပြောပါတယ်။