October 25, 2024

၂၅.၁၀.၂၀၂၄
Written By Thandar

ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့က မြေပြို၊ ရေဘေးသင့်ပြည်သူတွေရှိတဲ့ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊အောင်ချမ်းသာ၊ ငှက်ပျောတော၊ ဟွေနမ္မလင်းကျေးရွာတွေဆီ ကိုယ်တိုင်သွားရောက်ပြီး ကျပ်သိန်း ၅၀၀၀ နဲ့ အိမ်သုံးပစ္စည်းတွေကို မျှဝေလှူဒါန်းခဲ့ပါတယ်။

“ကျွန်မအနေနဲ့ တာချီလိတ်ခရီးကို မနေ့က စတင်ထွက်လာတာပါ။ ရေဘေးကြောင့်ရော မြေပြိုသွားတဲ့ နေရာတွေအတွက် ငွေသားကျပ် သိန်း ၅ ထောင်ရယ်။ လိုအပ်မယ့် ပစ္စည်းတွေ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀၀ ဝန်းကျင်နဲ့ လှူခဲ့တာပါ။ ကျွန်မကို ယုံကြည်ပြီးတော့ လှူဒါန်းပေးကြတဲ့ ခုနစ်ရက်သားသမီးတွေလည်း ကျေးဇူး တင်ပါတယ်။ ခုလိုကူညီ မျှဝေသွားတာကို အားလုံးလည်း သာဓု သာဓု ခေါ်ဆိုပြီး ပီတိကုသိုလ်လေးတွေ ပွားများနိုင်ကြပါစေရှင်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမကတော့ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းက တာချီလိတ်ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့ သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေက ကျိုင်းတုံမြို့ရှိ အမေ့ရင်ခွင်သားသမီးများ ဂေဟာကို ငွေကျပ် သိန်း ၅၀ ကိုလည်း လှူဒါန်းခဲ့ရာ အာခါလူမျိုးတွေက ရိုးရာဝတ်စုံတွေနဲ့ အကအလှတွေ၊ တေးသီချင်းများ နဲ့ ဖျော်ဖြေခဲ့ကြပါတယ်လို့သိရပါတယ်။

“တကယ်တော့ လူ့လောကရောက်လာတဲ့အချိန်မှာဖြစ်တည်တဲ့အရာကို လက်ခံပြီးတော့ ကောင်းမွန်စွာ ဘဝကိုရပ်တည်ဖို့လိုတယ်။ ဒီကလေးတွေက မိစုံဖစုံမရှိခြင်းထက် ကိုယ့်ရှိနေတဲ့ ဘဝမှာ လူတော်ဖြစ်ဖို့ လူကောင်းဖြစ်ဖို့ လူလိမ္မာဖြစ်ဖို့ အရေးကြီးတယ်။ ဒီဘဝရပ်တည်ချိန်မှာ မိဘမစုံလင်လို့ ဝမ်းနည်းစရာလည်း မလိုဘူး။ ကိုယ့်အဖေအမေကို အခါအခွင့်သင့်ရင် ပြန်ကျေးဇူးဆပ်နိုင်ရမယ်။ ဒါမှ သားသမီးရတနာဖြစ်မှာပါ”လို့ သူမက ဆက်ပြောပါတယ်။

လက်ရှိ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာမှာဆိုရင်တော့ ရင်ခွင်မဲ့ကလေးငယ် ၁၃၀ ကျော်ရှိပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *