October 25, 2024

၂၅ .၁၀. ၂၀၂၄
Written by Hey Mar

နေအိမ်တိုက်ခန်းအတွင်း ဆွဲကြိုးချလျက်အနေအထားနဲ့ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့က အောက်တိုဘာ ၂၄ ရက်နေ့က တွေ့ရှိကာ သက်ဆိုင်ရာ ရဲလုပ်ငန်းစဉ်တွေ စုံစမ်းစစ်ဆေးနိုင်ဖို့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ နယ်မြေခံ လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ရုပ်အလောင်းတွေ့ရှိတာက ရန်ကုန်မြို့၊ အနော်ရထာလမ်းမပေါ် (၂၈) လမ်းထိပ်ရှိ နေအိမ်တိုက်ခန်း ဒုတိယထပ်မှာ ဖြစ်ပြီး အနီးအနားနေအိမ်တွေက အပုပ်နံ့ရရှိနေကြောင်း အိမ်ခန်းပိုင်ရှင်ကို အကြောင်းကြားတာလို့ သိရပါတယ် ။

ရပ်ကွက်နေပြည်သူတစ်ဦးက “အဲ့ဒီ အခန်းမှာနေတဲ့ကောင်လေးကို မတွေ့တာ ၂ ရက်၊ ၃ ရက်ရှိတာကို သတိထားမိတယ်။ မနေ့ကမှ အပုပ်နံ့က အရမ်းဆိုးလာလို့ အနံ့လာရာရှာကြရင်း ဒီအခန်းကို သတိထားမိကြတာ။ အခန်းပိုင်ရှင်က အခုသေတဲ့ကောင်လေးရဲ့ သူဌေးပါပဲ။ ကောင်လေးက မြို့ပြင်ကနေ မြို့တွင်းထိ အလုပ်လာရတော့ ဝေးလို့ သူ့‌ သူဌေးက အခန်းမှာ ပေးနေထားတာ။ သူတစ်ယောက်တည်းနေတာ “လို့ MT News ကို ပြောပါတယ် ။

အဆိုပါသေဆုံးသူအမျိုးသားမှာ အသက် ၂၈ နှစ်အရွယ်ဖြစ်ပြီး၊ ဇနီးသည်လည်းရှိကာ စီးပွားရေး အဆင်မပြေတာကြောင့် အကြွေးတင်နေကာ အနီးအနားထမင်းဆိုင်မှာ အကြွေးစားထားတဲ့ စရိတ်တွေ ၂ လ၊ ၃ လစာ ရှိသလို ရတဲ့လစာ မလောက်ငတဲ့အတွက် စိတ်ဖိစီးမှုတွေလည်း ရှိနေတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက အနီးအနားနေထိုင်သူတချို့ဆီ သေဆုံးသူအကြောင်း စစ်ဆေးမေးမြန်းစဉ်မှာ သိရှိရတာကို MT News ကို ပြန်လည်ပြောပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *