October 25, 2024

၂၅.၁၀.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ နယ်မြေ(၇)ရှိ မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အုတ်တံတိုင်းမှာ ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၄ နာရီခွဲခန့်က ပြိုကျခဲ့ရာ အသက် ၆၈ နှစ်အရွယ် အဘိုးအိုတစ်ဦးသေဆုံးခဲ့ပြီး အဘိုးအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြင်းခြံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မိုးက အဆက်မပြတ်ရွာတော့ မြေသားအိပြီး အုတ်တံတိုင်းပြိုကျတာ။ အုတ်တံတိုင်းနားမှာ တာလပတ်နဲ့အဖီဆွဲပြီးနေတဲ့ အဘိုးအိုတစ်ယောက်ရဲ့တစ်ကိုယ်လုံးပေါ် အုတ်တံတိုင်းပြိုကျပြီး ဆုံးသွားတာ”ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးကပြောသည်။

အမြင့် ၈ ပေ၊ အလျား ပေ ၁၅၀ ခန့်ရှိသော အုတ်တံတိုင်းပြိုကျခဲ့မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးအောင်မြင့်ဆွေမှာ ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာများရရှိ၍ သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဦးတင့်လွင်မှာ ညာဘက်ခြေသလုံးရိုးကျိုး ဒဏ်ရာရရှိခဲ့သဖြင့်နာရေးကူညီမှုအသင်းယာဥ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အုတ်တံတိုင်းပြိုကျကာ လူပိမိနေမှုကို မြင်းခြံခရိုင်မီးသတ်နှင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ခန့်၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများမှ အသင်းဝင်များက ဝိုင်းဝန်းရှာဖွေကယ်ဆယ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *