October 25, 2024

၂၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတလောင်းဒေါ်နယ်ထရန့်ရဲ့ ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှု လှုံ့ဆော်ရေးအဖွဲ့က ဗြိတိန် (ယူနိုက်တစ်ကင်းဒမ်း)နိုင်ငံရဲ့ အာဏာရလေဘာပါတီဟာ လက်ရှိဒုတိယသမ္မတ ဟားရစ်နဲ့ ဝေါ့လ်ဇ်တို့ရဲ့ ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုလှုံ့ဆော်ရေးကို အရှက်မရှိပြောင်ပြောင်တင်းတင်းကူညီထောက်ပံ့ပြီးတော့ အမေရိကန် သမ္မတရွေး ကောက်ပွဲကို ပြည်ပစွက်ဖက်မှုပြုနေကြတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အောက်တိုဘာလ ၂၂ ရက်ကအမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားချက်မှာ လေဘာပါတီနဲ့ ဟားရစ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုလှုံ့ဆော်ရေးအဖွဲ့အကြား ဆက်သွယ်မှုတွေကို ဖော်ပြခဲ့သလို လေဘာပါတီရဲ့ ဥပဒေနဲ့မညီတဲ့ အကူအညီပေးဆောင်ရွက်မှုတွေကိုလည်း ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

လေဘာပါတီခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် ကားစတမ်မာကတော့ လေဘာပါတီအနေနဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲတွေအတွက် ကူညီဖို့ စေတနာ့ဝန်ထမ်းတွေကိုသာ ပို့ပေးနေခဲ့တာလို့ ပြောခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက သူနဲ့ ထရန့်တို့ဟာ နယူးယော့ခ်မြို့ ထရန့်တာဝါမှာ ညစာအတူစားခဲ့ကြပြီး နှစ်ဦးအကြားကောင်းမွန်တဲ့ဆက်ဆံမှု တည်ထောင်ခဲ့ပါသေးတယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲဥပဒေအရတော့ နိုင်ငံခြားသားတွေကို အမေရိကန်သမ္မတလောင်းတစ်ဦးဦးအတွက် ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်လို့ လှူဒါန်းမှုမပြုဖို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေကို အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ စေတနာ့ဝန်ထမ်းဆောင်ရွက်ဖို့တော့ ခွင့်ပြုထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ငွေကြေးဆိုင်ရာပါဝင်ကူညီမှုတွေ၊ လျော်ကြေးလက်ခံရရှိမှုတွေနဲ့ ဆုံးဖြတ်ချက်ချရတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်မှုတွေ လုပ်လို့မရပါဘူး။ အခုတိုင်ကြားချက်တွေမှာ ဗြိတိန်ကရောက်ရှိနေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် စေတနာ့ဝန်ထမ်းဆောင် ရွက်သူတွေဟာ လေဘာပါတီရဲ့ ထောက်ပံ့စရိတ်ကိုမှီခိုအားထားနေကြတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့နေထိုင်စရိတ်အပါအဝင် အားလုံးကို သူတို့ကိုယ်ပိုင်စရိတ်နဲ့သာ အသုံးပြုတာလို့ လေဘာပါတီကလည်း အောက်တိုဘာလ ၂၃ ရက်မှာ ငြင်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအငြင်းပွားတိုင်ကြားမှုနဲ့အတူ တကယ်လို့များ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရန့်ကနိုင်ခဲ့ရင် အမေရိကန်နဲ့ ဗြိတိန်အကြား ဆက်ဆံရေးကို မပြေမလည်ဖြစ်စေနိုင်မလားလို့ ထင်မြင်ယူဆမှုတွေရှိလာပါတယ်။ လေဘာပါတီခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် ကားစတမ်မာကတော့ ဒီလိုမဖြစ်နိုင်ပါဘူးလို့သာ ပြောကြားထားတယ်လို့ သိရပါတယ်။

Ref-Foreigfnpolicy.com

Leave a Reply

Your email address will not be published. Required fields are marked *