October 25, 2024

၂၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁ ခုနှင့် စက်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၌ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ စက်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ်သန်း ၈၆၀ နှင့် အမေရိကန်‌ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၆၂၂ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၁ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *