October 25, 2024

၂၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာ အောက်တိုဘာလ ၂၂ ရက်ကနေ အောက်တိုဘာလ ၂၄ ရက်အထိကျင်းပခဲ့တဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၁၆ ကြိမ်မြောက်ထိပ်သီးဆွေးနွေးပွဲအတွင်းမှာ BRICS မဟာမိတ်အုပ်စုက မိတ်ဖက်နိုင်ငံ ၁၃ နိုင်ငံကို တရားဝင်ကြေညာကာ အင်အားတိုးချဲ့မှုပြုခဲ့ပါတယ်။

ဒီနှစ် BRICS ထိပ်သီးဆွေးနွေးပွဲရဲ့ရည်မှန်းချက်ကတော့ “မျှတသော ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်လုံခြုံမှုအတွက် ဘက်ပေါင်းစုံမှ အားဖြည့်ခိုင်မာစေရေး” လို့ ဖြစ်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲက စီးပွားရေးတိုးတက်မှုအရ လျင်မြန်စွာ အဓိကပေါ်ထွန်းလာနေတဲ့နိုင်ငံတွေနဲ့အတူ စီးပွားရေးစုစည်းဆောင်ရွက်မှုပြုသွားဖို့ကိုလည်း အလေးထားခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ BRICS အုပ်စုက မဟာမိတ်အဖွဲ့၏ မိတ်ဖက်နိုင်ငံ (တင်းပြည့်အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်သေး) အသစ်တွေအဖြစ် နိုင်ငံ ၁၃ နိုင်ငံကို ကြိုဆိုလက်ခံတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီ ၁၃ နိုင်ငံကတော့ အယ်လ်ဂျီးရီးယား၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ထိုင်းလင်း၊ တူရကီ၊ ယူဂန်ဒါ၊ ဥဇဘက်ကစ္စတန်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။ ဒီထဲမှာ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေက လေးနိုင်ငံတောင်ပါဝင်နေတာတွေ့ရပါတယ်။

BRICS အဖွဲ့ကို ထိုစဉ်ကာလက စီးပွားရေးလျင်မြန်စွာတိုးတက်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ၂၀၁၀ ပြည့်နှစ်မှာစတင်ပြီး BRIC အုပ်စုလို့တည်ထောင်ခဲ့တာပါ။ နောက်ပိုင်း တောင်အာဖရိကနိုင်ငံပါ ပါဝင်လာပြီးနောက် BRICS လို့ ခေါ်တွင်လာပါတယ်။

၂၀၂၄ ဇန်နဝါရီလမှာတော့ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့လည်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်လာပြီး အခုတစ်ခါ နိုင်ငံ ၁၃ နိုင်ငံကို မိတ်ဖက်နိုင်ငံတွေအဖြစ် ကြေညာခဲ့တာပါ။ BRICS အဖွဲ့ ရဲ့ အဓိကရည်မှန်းချက်ကတော့ ဈေးကွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေအကြားမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ တိုးချဲ့မြှင့်တင်သွားဖို့ပါပဲ။ အခုအခါမှာတော့ နောက်ဆုံး အင်အားတိုးချဲ့ခဲ့မှုနဲ့အတူ BRICS အဖွဲ့က သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို ကမ္ဘာ့အဆင့်အထိ တည်ရှိစေရေး၊ အမျိုးမျိုးကွဲပြားတဲ့နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု လျင်မြန်စေရေးတို့ကိုပါဆောင်ရွက်လာနေတာ တွေ့ရပါတယ်။

Ref- Vanguard

Leave a Reply

Your email address will not be published. Required fields are marked *