October 25, 2024

ပုံစာ။ PDF တို့ Drop Bomb ချ၍ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသော ဆရာမနှင့် ကျောင်းသားကျောင်းသူကလေးငယ်များ မြင်ကွင်း (Photo - Credit)

၂၅. ၁၀. ၂၀၂၄
Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအား ယမန်နေ့နံနက်ပိုင်းတွင် PDF များက Drop Bomb များဖြင့် အကြောင်းမဲ့ ပစ်ချတိုက်ခိုက်မှုကြောင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိစဉ် အောက်တိုဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူ ၈၀ ဦးကို ဆရာ၊ ဆရာမ ၁၄ ဦးက ပညာသင်ကြားပေးနေချိန် PDF များက Drop Bomb လေးလုံးဖြင့် တိုက်ခိုက်၍ ဆရာမ ဒေါ်ရွှေရည်ဝင်းနှင့် ကျောင်းသားကျောင်းသူကလေးငယ်များဖြစ်သော မောင်ပိုင်ပိုင်ဟိန်းထွန်း၊ မလှအင်ကြင်း၊ မနှင်းဝေရီ၊ မရွှန်းလဲ့ဝေတို့အပြင် ဒေသခံပြည်သူတစ်ဦးဖြစ်သော ဒေါ်မာဌေးပါ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

PDF များသည် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံစာ။ PDF တို့ Drop Bomb ချ၍ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသော ဆရာမနှင့် ကျောင်းသားကျောင်းသူကလေးငယ်များ မြင်ကွင်း(Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *