October 25, 2024

◾️ ပြီးခဲ့သည့် လေးနှစ်အတွင်း အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ မြန်မာနိုင်ငံအတွက် ပညာသင်ဆု ၉၀၀ ကျော် ကမ်းလှမ်းထား

၂၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးမြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်း‌ဆောင်ရွက်မှု အစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း၊ ယခု အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန်အလေးထားမှုနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက် မြဲမြံသည့်အုတ်မြစ်သဖွယ် လမ်းစဖော်မြှင့်တင်ပေးခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၁၅၀ ဒသမ ၁၈၁ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုသည် အဆင့် ၁၁ တွင်ရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ ဘာသာရပ်အလိုက် ကာလတို၊ ကာလရှည်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်သင်တန်းများနှင့် သုတေသနအစီအစဉ်များ များစွာစီစဉ််ဆောင်ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ပညာသင်ဆု ၉၀၀ ကျော် ကမ်းလှမ်းခဲ့သည်ဟု သိရှိရသည့်အတွက် အန္ဒိယအစိုးရနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် (Quick Impact Projects-QIPs) အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် နားလည်မှုစာချွန်လွှာလဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နားလည်မှုစာချွန်လွှာ ၅ ခုအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီးအကဲတို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့အား သက်သေထား၍ SAC ဥက္ကဋ္ဌ ရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာများမှာ ဒီဂျစ်တယ် မှုခင်းသိပ္ပံဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံချက်၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြုပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်းစီမံချက်၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှုကြုံတွေ့နေရသည့်ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက်ရေထောက်ပံ့ရေးစီမံချက်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံချက်၊ မြန်မာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြင့် နှေးကွေးသော Pyrolysis ပြုလုပ်ပြီး ကတ္တရာကင်းစင်ပြီး ခြောက်သွေ့သောဓာတ်ငွေ့အမျိုးအစား ရေပလက်စတစ် Pyrolysis ဖြစ်စဉ်များမှရရှိသော လောင်စာများအား ပေါင်းစပ်သုံးစွဲခြင်းဖြစ်စဉ်အား စမ်းသပ်လေ့လာခြင်းစီမံချက် စသည့်တို့အတွက် နားလည်မှုစာချွန်လွှာများကို လဲလှယ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *