October 25, 2024

၂၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် FX Trading Platform မှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သည့်နိုင်ငံခြားငွေကြေးများကို ရောင်းချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအတွင်း အမေရိဒေါ်လာသန်း ၁,၀၀၀ ကျော် (ဒေါ်လာတစ်ဘီလျံကျော်)ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများအတွက် လေယာဉ်လက်မှတ်ကုန်ကျစရိတ်များအား FX Online Trading Platform တွင် ဝယ်ယူရရှိနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

AD လိုင်စင်ရဘဏ်များ၏ ဝယ်ယူရရှိနိုင်သည့် ကောင်တာများစာရင်းကို ဘဏ်များ၏ Website နှင့် Facebook Page များတွင် အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီး Money Changer လိုင်စင်ရကုမ္ပဏီများ၏ Facebook Page များတွင်လည်း အသေးစိတ်အချက်အလက်များဖြင့် ကြေညာထားရှိပြီးဖြစ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ (Debit Card နှင့် Credit Card) အပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန်နှင့် တရားမဝင် ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည်သူများအား ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်မှစတင်၍ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ပြည်ပသို့ထွက်ခွာသူများအနက် ဘူရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှစတင်၍ ရောင်းချပေးခဲ့ပြီး တစ်ဦးလျှင် နိုင်ငံခြားငွေ ‌ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား)ကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက်ရှိသော Online Trading Rate + ၁၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *