October 25, 2024

၂၅.၁ဝ.၂ဝ၂၄
Written by K Pyay Thein

အလည်အပတ် PV ပတ်စပို့စ်နဲ့ အလုပ်လုပ်ကိုင်သူတွေကို PJ အလုပ်လုပ်ကိုင်ခွင့် ပတ်စပို့စ်တွေ ပြောင်းလဲပေးသွားမယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိစင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်ကတော့ တရားဝင် ဝင်ငွေခွန်ဆောင်ထားပြီးသူ‌တွေနဲ့ သတ်မှတ်အထောက် အထားတွေပြည့်စုံသူတွေကို PV နိုင်ငံကူးလက်မှတ်ပတ်စပို့စ်ကနေ PJ နိုင်ငံကူးလက်မှတ်တွေကို ပတ်စပို့စ်သက်တမ်းကုန်ဆုံးရက် ၁၄ လအတွင်း ပြောင်းပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် PV က PJ ပတ်စပို့စ်ပြောင်းလဲပြီးသူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြန်လိုသူတွေနဲ့ နာရေးကိစ္စရပ်တွေကြောင့် ခွင့်ပြန်လိုသူတွေကိုလည်း စင်ကာပူရှိ မြန်မာသံရုံးအနေနဲ့ အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ကာလတွေအတွင်းမှာ ပြည်ပကို အိမ်ကူအလုပ်နဲ့ ထွက်ခွာမယ့် လူသစ်တွေကို OWIC ကတ်လျှောက်ထားခွင့်ပြုဖို့ အလုပ်သမား‌‌ရေးရာကိစ္စရပ်‌တွေကို ကူညီ‌ဆောင်ရွက်ပေးနေသူတွေက တောင်းဆိုမှုတွေရှိထားသလို လက်ရှိကာလမှာ အိမ်အကူအလုပ်နဲ့သွားမယ့်လူသစ်တွေက OWIC ကတ်မရှိကြလို့ အဆင်ပြေသလို ငွေကြေးအမြောက်အမြားပေးပြီး ထွက်ခွာနေရတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“အဓိကက အိမ်အကူအလုပ်နဲ့ သွားတဲ့သူတွေပေါ့။ အခုမှစထွက်မယ့်လူသစ်‌တွေပေါ့။ သူတို့က OWIC ကတ်မရှိတော့ တရားမဝင်တဲ့နည်းလမ်းကြောင်းတွေကနေ အဆင်ပြေသလို ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး ထွက်ခွာနေရတယ်။ ဒါတွေကို ကျွန်‌‌တော်တို့ တွေ့မြင်ကြားသိနေရပါတယ်။ တချို့ PJ ကိုင်ထားတဲ့ အိမ်အကူအလုပ်သမားတွေကို တရားဝင်ခွင့်ပြန် OWIC လျှောက်ထားခွင့်ပြုတဲ့နည်းတူ PJ ကိုင်ထားသူ အိမ်အကူအလုပ်သစ်သွားမယ့်သူတွေကို တရားဝင်လိုင်စင်ရ ပြည်ပအလုပ် အကိုင်ရှာဖွေရေး Agency တွေနဲ့ချိတ်ဆက်ပြီး OWIC လျှောက်ထားခွင့်ပြုသင့်တယ်လို့ ကျွန်တော်တို့ကတင်ပြထားတာရှိပါတယ်”လို့ အလုပ်သမားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပြပါတယ်။

PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ ခွင့်ပြန်ရတဲ့အခါမှာလည်း အခက်အခဲတွေရှိနေတာဖြစ်လို့ PJ နိုင်ငံကူးလက်မှတ်တွေကိုသာ ပြောင်းလဲသင့်တယ်လို့ စင်ကာပူရောက် မြန်မာလုပ်သားတစ်ဉီးက ပြောပြပါတယ်။

“PV နဲ့ အလုပ်ထွက်လုပ်နေတဲ့သူတွေကလည်း အခွန်ဆောင်ထားတယ်။၂၅ ရာခိုင်နှုန်းလွှဲထားတာပြနိုင်ရင် ခွင့်ပြန်အနေနဲ့ PJ ချိန်းပေးတာ OWIC ကတ်လုပ်ပေးတာတွေကို စီမံပေးသင့်တယ်လို့တင်ပြထားတာ အခု PJ ချိန်းပေးမယ်လို့ သိရပါတယ်။ PV နဲ့ဆို ခွင့်ပြန်မရ‌၊ ပြန်ရင်လည်း ပြန်ထွက်မရမှာစိုးတာနဲ့ ဘာဆက်လုပ်ရမှန်းမသိဘူးပေါ့။ ပတ်စပို့စ်သက်တမ်းကုန်တဲ့ထိစောင့်ဆိုရင်လည်း နောက်ထပ်သုံးလေးနှစ်စောင့်ရမှာတွေရှိတယ်။ အခုက အဆင်ပြေသွားတာပေါ့”လို့ ပြည်ပနိုင်ငံရောက် အိမ်အကူလုပ်သားတစ်ဦးက သူမရဲ့အမြင်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အလုပ်ရှာဖွေရေးအေးဂျင့်အချို့က OWIC ကတ်မရှိသူတွေကို PV အလည်အပတ် ပတ်စပို့စ်နဲ့ ပြည်ပသို့ ငွေကြေးများစွာတောင်းခံပြီး ပို့ဆောင်မှုတွေလည်းရှိနေသလို အခြားသော ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ ပြည်ပရောက်အလုပ်သမားအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“တချို့ကလည်း အေးဂျင့်စကား၊ ပွဲစားစကားကိုယုံပြီးသွားကြတာပေါ့။ PV နဲ့ထွက်လို့ရတယ်ဆိုပြီး သွားကြတယ်။ ဟိုမှာအလုပ်လုပ်တယ်။ အစစ်ခံရတဲ့အခါတွေကျတော့ နိုင်ငံကူးလက်မှတ်က PJ နဲ့ မဟုတ်ဘဲ PV အလည်အပတ်ပတ်စပို့စ်နဲ့ အလုပ်လုပ်နေတာတွေ့‌တော့ အဖမ်းခံလိုက်ရတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ဆို မလေးရှားနိုင်ငံကိုသွားတာ PV နဲ့ပဲ။ ဟိုမှာအဖမ်းခံလိုက်ရတယ်။ သူက ထောင်နှစ်နစ်ကျပြီးမှပဲ ပြန်ထွက်လာရတယ်။ အခုအေးဂျင့်အတော်များများက PV ပတ်စ်ပို့စ်ရတယ်ပြောတယ်။ PJ နဲ့ဆို သွားရခက်တယ်။ PV နဲ့ပဲထွက်။ သူတို့လမ်းကြောင်းရှင်းပေးမယ်ဆိုပြီး အဲ့လိုပို့နေကြတာတွေရှိတယ်”လို့ သူက ဆက်ပြီး ပြောပြပါတယ်။

ဒါ့ကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေမဖြစ်ဖို့ ပြည်ပအလုပ်သမားသက်သေခံကတ် OWIC ကတ်နဲ့ PJ ပတ်စ်ပို့ရရှိမှသာ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ကြဖို့ကိုလည်း အလုပ်သမားညွှန်ကြားမှုဦစီးဌာနဘက်က တိုက်တွန်းမှုတွေရှိနေတာဖြစ်ပါတယ်။

လက်ရှိကာလမှာ ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် Passport for PJ ကိုလျှောက်ထားရယူခြင်းအစား Passport for PV ကိုသာလျှောက်ထားရယူပြီး ပြည်ပအလုပ်အကိုင်ဗီဇာတွေကိုရယူကာ လေကြောင်းခရီးတွေနဲ့ ပြည်ပထွက်ခွာနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုထွက်ခွာတဲ့အခါမှာ သက်ဆိုင်ရာကလေဆိပ်မှာ စိစစ်တဲ့အခါသတ်မှတ်ချက်တွေနဲ့မကိုက်ညီတဲ့အတွက် ပြည်ပသို့ထွက်ခွာခွင့်မရခြင်းတွေကြောင့် လေယာဥ်လက်မှတ်ခအပါအ၀င်အခြားသောကုန်ကျစရိတ်တွေ ဆုံးရှုံးရတဲ့ ဖြစ်စဥ်တွေဖြစ်ပေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။

Photo – CJ

Leave a Reply

Your email address will not be published. Required fields are marked *