October 25, 2024

၂၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

အာဆီယံနိုင်ငံများအချင်းချင်း နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်း တိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ယမန်နေ့က လာရောက်ဂါဝရပြုတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

SAC ဥက္ကဋ္ဌ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့သည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲ အဖွဲ့ အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့က လာရောက်ဂါဝရပြုခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးကို အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အလွန်ကျယ်ပြန့်အရေးကြီးကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံအလိုက် ရဲတပ်ဖွဲ့ဝင်များအချင်းချင်း အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ လက်နက်ခဲယမ်းများ မှောင်ခိုရောင်းချခြင်း၊ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ခြင်းများကို ထိထိရောက်ရောက်တားဆီး နှိမ်နင်းနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၄၂) ကြိမ် မြောက်အာဆီယံရဲအဖွဲ့ညီာခံသို့ ပါဝင်တက်ရောက်ခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *