October 25, 2024

၂၅.၁၀.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့အဝင်၊အောင်ပန်း-ကလောလမ်း တောင်ရိုးစာပေနှင့်ယဥ်ကျေးမူရုံးဘေး မယ်ခိုတောင်အတက်လမ်းတွင် ဆိုင်ကယ်ရပ်၍ နားနေသော သားအမိနှစ်ဦးကို အမျိုးသားနှစ်ဦးက ရိုက်နှက်လုယက်ရာမှ မိခင်ဖြစ်သူ သေဆုံးခဲဲ့ကြောင်း သိရသည်။

သားအမိနှစ်ဦးမှာ ကလောမှ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် မိခင်ဖြစ်သူမောနေသဖြင့် မယ်ခိုတောင်အတက်လမ်းတွင်ခေတ္တနားနေစဥ် အမျိုးသား နှစ်ဦးရောက်ရှိလာပြီး ကျောက်ခဲထည့်ထားသော လွတ်အိတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“အမေက အရိုက်ခံရတဲ့ဒဏ်ရာနဲ့လဲကျသွားပြီး သားကလည်း အရိုက်ခံရတဲ့ ဒဏ်ရာနဲ့ မိန်းလမ်းကို ဆင်းပြေးပြီး အကူအညီတောင်းနေတုန်း ရိုက်နှက်တဲ့သူတွေက စီးလာတဲ့ဆိုင်ကယ်ရော ဆွဲကြိုးလက်စွပ်တွေယူပြီး ထွက်ပြေးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရိုက်နှက်ခံရသော အသက် ၄၆ နှစ်အရွယ် မိခင် ဒေါ်နီလာထွေးတွင် ဦးခေါင်းနောက်စေ့နှင့် နဖူးတို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၂၀ ခန့်အရွယ် သားဖြစ်သူ ကိုဟန်မြင့်ကျော်မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အရိုက်ခံရသူ သားအမိနှစ်ဦးကို အောင်ပန်းနာရေးကူညီမှုအသင်းနှင့် တာဝန်သိပြည်သူများက ပူးပေါင်းကာ အောင်ပန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သော်လည်း မိခင်ဖြစ်သူမှာ မွန်းလွဲပိုင်း၌ သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *