October 24, 2024

MT News
၂၄. ၁၀. ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ ယခုည သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်တွင် ဝင်းထွဋ် မောင်းနှင်ပြီး တင်မောင်လတ်(ခ)ကရဒ်ဘိုင် လိုက်ပါလာသည့် Fielder မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း သိမ်းဆည်းရမိခဲ့သည်။

တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉) ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သည့် တိုယိုတာ Sscced မော်တော်ယာဉ် ၁ စီးနှင့် ညနေ ၅ နာရီခွဲအချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကျီစု (အနောက်)ရပ်ကွက်၊ ရွှေကျီးလမ်းသွယ်ရှိ ဝင်းထွဋ်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆ ဒသမ ၈ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်နေ စိုင်းဆိုင်နွံ(ခ)ပီနွံနှင့် ကျေးသီးမြို့နယ်နေ ဟန်သိန်း(ခ)စိုင်းဆန်ဆွေ တို့မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နေ စိုးမြင့်(ခ)ဇီဘူရာမောက်မှ ဝယ်ယူခြင်းဖြစ်ကြောင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းတို့ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်နေ စိုးမိုးအောင်(ခ)မိုလ်ဇူရာမန်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ကျော်ဝင်းစိုး နှင့် ဇနီး မသီတာဝင်း(ခ)ယာစမင်း တို့အား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးအရေးယူမှုအပြင် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *