MT News
၂၄. ၁၀. ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ငွေကျပ်သိန်း ၂၅,၄၀၂ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းအလေးချိန် ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၅ဝ အား သေနတ်ပြ ခြိမ်းခြောက်ရိုက်နှက်၍ လုယက်သူ တရားခံ အမျိုးသားသုံးဦးအား သက်သေခံရွှေထည်ပစ္စည်း၊ ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း SAC အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယခုည အတည်ပြုထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ မြရွှေယုံ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ် သိန်း ၅၀ တို့အား သံသေတ္တာ ၃ လုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတစ်ဦးတည်းမောင်းနှင်သည့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်စဉ် လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား ၄ ဦး ရောက်ရှိလာပြီး သေနတ်တစ်ချက် ပစ်ခတ်၍ ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံး မှန်အား တူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာ(၃)လုံး လုယူထွက်ပြေးသွားသဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်းက (ပ)၉၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့် ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မြေနီကုန်းဈေးလမ်း၊ တိုက်အမှတ်(၄၁)၊ (၄)လွှာ၊ အခန်း(4A)နေ မသက်ထားခိုင်(ခ)ရည်မွန်အေး(၃၇)နှစ်ကို မသင်္ကာစစ်ဆေးခဲ့ချိန် ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ် အတွင်းတွင် လုယက်မှုမှ ပါဆုံးသွားသော ပလက်တီနမ်ရွှေဖြူဆွဲကြိုး ၈ ကုံးနှင့် ငွေ ၁၀ သိန်းကျပ် တို့အား တွေ့ရှိပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်မှ ရောင်းချခိုင်းလိုက်ကြောင်း သိရသဖြင့် တရားခံ ထက်အောင်ခိုင်(၃၆)နှစ်(ဘ)ဦးအေးချိုအား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
ထက်အောင်ခိုင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူး(၁)လက်၊ S&WL ကျည်(၉)တောင့်၊ ၎င်းကျည်ခွံ(၁)ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းကျပ်၊ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့အား ဆက်လက်သိမ်းဆည်း ရမိခဲ့သည်။
တရားခံတို့ကို ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ တရားခံ ကျော်ကြီး(ခ)ကျော်ဇင်ဟိန်း(၂၂)နှစ် (ဘ)ဦးထွန်းထွန်း နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၈) ရပ်ကွက်နေ တရားခံ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီး (၃၅)နှစ် (ဘ)ဦးစံသောင်း တို့အား အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ၃ ဦးတို့၏ ထွက်ဆိုချက်များအရ တရားခံ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ)ကျော်ကြီးနှင့် တရားခံဝေကြီး (ဖမ်းဆီးရန်ကျန်)တို့(၃)ဦးသည် KNU တပ်မဟာ(၇) ဝေ့ရှမ်း ကျေးရွာတွင် ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအပတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းများ ဖြစ်ကြပြီး အဆိုပါ သင်တန်းတက်ရောက်နေစဉ် ထက်အောင်ခိုင်သည် သင်တန်း၌ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ဦးမာမူ (စိစစ်ဆဲ)ထံမှ ဒဿမ ၃၂ ဗို့ခြောက်လုံးပြူးနှင့် ကျည်များအား ငွေကျပ် (၂၁)သိန်းဖြင့် ဝယ်ယူခဲ့ပြီး “မြရွှေယုံ”ရွှေဆိုင်သို့ (၃/၄)ကြိမ်ခန့် လေ့လာကာ ဆိုင်ဖွင့်ချိန်နှင့် ဆိုင်သိမ်းချိန်များတွင် ယာဉ်မောင်းတစ်ဦးတည်း ဆိုင်မှရွှေထည်ပစ္စည်းများအား သယ်ယူပို့ဆောင်လေ့ ရှိကြောင်း သိရှိရသဖြင့် လုယက်မှုကျူးလွန်ရန် ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း၊လုယက်မှုကျူးလွန်ရာတွင် တရားခံ ထက်အောင်ခိုင်မှ Toyota Corolla အဖြူရောင်ယာဉ်အား မောင်းနှင်၍ အခင်းဖြစ်ခြံရှေ့တွင် ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့် ယာဉ်အား အနောက်မှ ကပ်လျက် ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူအား သေနတ်ဖြင့် ချိန်၍ တံခါးဖွင့်ခိုင်းခြင်း၊ တရားခံ ဝေကြီး(ဖမ်းဆီးရန်ကျန်)မှ ကားတံခါးအား တူဖြင့်ထုခြင်း၊ တရားခံထက်အောင်ခိုင်မှခြံ၏ အရပ်သား လုံခြုံရေးဝန်ထမ်း ဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ခြံဝင်းသံပန်းတံခါးအား ထိမှန်ခဲ့ပြီး ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် စောပိုင်ဇော်ဦး(ခ)ပိုင်ကြီးတို့(၂)ဦးမှ မော်တော်ယာဉ်၏ နောက်ဖုံးတံခါးအားဖွင့်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် သံသေတ္တာ(၃)လုံးအား ၎င်းတို့စီးနင်းလာသည့် ကားပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် ရွှေထည်ပစ္စည်းနှင့် ငွေများ လုယက်မှုမှ ဖမ်းဆီးရမိသည့် တရားခံ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း(ခ)ကျော်ကြီး၊ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီး နှင့် ထွက်ပြေးတိမ်းရှောင် တရားခံ ဝေကြီး (စိစစ်ဆဲ)အား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ဝေကြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်မှုအရ သိရသည်။