October 24, 2024

◾ လက်ရှိတိုက်ပွဲအတွင်း CNA/CDF ရဲဘော် ၁၀၀ ကျော်ထွက်ပြေးသွားကာ ၅၀ ကျော် သေဆုံးကြောင်း ရေးသားနေကြ

၂၄.၁၀.၂၀၂၄
Written By Zun

ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဗိုလ်ကြီး ဆလိုင်း မင်းထွန်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းမှာ ပလက်ဝမြို့နယ်ဇာတိဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ထန်တလန်မြို့တစ်နေရာ၌ သေဆုံးခဲ့ကာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်က  သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သေဆုံးသည့် ဆလိုင်းမင်းထွန်းမှာ အသက် ၃၀ ခန့်အရွယ်ဖြစ်ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်ဘလိုင်ရွာဇာတိဖြစ်ကြောင်း၊ လွန်ခဲ့သော၂၀၁၃ ခုနှစ်ကပင် CNA သို့ ဝင်ရောက်ခဲ့ရာ CNA ရဲမေတစ်ဦးနှင့် အကြောင်းပါကာ သား ၃ ဦးထွန်းကားထားကြောင်းလည်း သိရသည်။

“ဗိုလ်ကြီးက သား ၃ ယောက်ပါ။ ၂ယောက်မဟုတ်ဘူး။ ၂၃ ရက်နေ့ မှာ သင်္ဂြိုဟ်တာ”ဟု ဒေသခံတစ်ဦးက ယင်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

လွန်ခဲ့သည့် ၃ လခန့်ကပင် ထန်တလန်မြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး CNF နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့က ဖော်ဆောင်နေခြင်းဖြစ်သော်လည်း ယနေ့တိုင် မြို့ကို သိမ်း၍ မရနိုင်သေးပေ။

ယင်းအပြင် တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုများကိုလည်း အလူးအလဲကာကွယ်နေကြရသည့်အတွက် ပလက်ဝမြို့နယ်မှ CNA နှင့် CDF တို့၏ အောက်ခြေအဖွဲ့ဝင်များ လည်း သေဆုံးနေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိဖြစ်ပွားနေသော ထန်တလန် မြို့သိမ်းတိုက်ပွဲအတွင်း CAN၊ CDF ရဲဘော် ၁၀၀ ကျော်ထွက်ပြေးသွားကာ ၅၀ ကျော် သေဆုံးကြောင်းလည်း ချင်းဒေသခံများက လူမှုကွန်ရက်တွင် ရေးသားနေကြသေးသည်။ သို့သော် ယင်း အဖွဲ့အစည်းများဘက်က တရားဝင် ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

“သူတို့က မြို့သိမ်းတိုက်ပွဲအတွက် အခု သူတို့ထိန်းထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ တပ်က လေကြောင်းကနေ ဗုံးကြဲတယ်။ မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲ ရှိတယ်။ စစ်တပ်ဘက်က လူတွေ ကင်းစင်သွားတာမျိုး မဟုတ်ဘူးလေ။ ဒါကြောင့် သူတို့က အခု ထိန်းထားတယ်လို့ ဘယ်လောက်ပဲ ပြောပြော ထိန်းလို့မရသေးဘူးလေ။ CNF တို့ CNA တို့ဘက်က ရဲဘော်အဆင့်တွေ သေတာလည်း ရှိနေတာပဲ”ဟု ယင်းဒေသခံက MT News ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က ဖြစ်ပွားသည့် သီးမြစ်တိုက်ပွဲအတွင်း ချင်းပြည်နယ် ထန်ထလန်နှင့်ဟားခါး တို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော ချင်း PDF များနှင့် ပူးပေါင်း CDF – Zotung အဖွဲ့တို့ လေကြောင်းတိုက်ခိုက်ခံရသောကြောင့် CDF- Zotung ၏ ဒုတပ်ရင်းမှူး ဆလိုင်းထွန် မာန်း(Salai Paw Tung Mang (B_3 ဒုတပ်ရင်းမှူး) နှင့် တပ်စုမှူး ဆလိုင်းအားလျန်(Salai Paw Alian (B_2) တို့သေဆုံးခဲ့သေးသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း CDF – Zotung တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်ကလည်း ထန်တလန် မြို့သိမ်း တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်၏ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ် (Ram Zel) သေဆုံးသွားခဲ့သေးကြောင်း MT News က သတင်းဖော်ပြထားပြီးဖြစ်သည်။

ချင်း PDF များ၏ ထန်တလန်မြို့သိမ်းတိုက်ပွဲကာလအတွင်း ချင်းလက်နက်ကိုင် များဘက်က သေဆုံးဒဏ်ရာရသူ ရာနှင့်ချီ ရှိနေပြီဖြစ်ကြောင်းလည်း မရာ Info က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *