၂၄.၁၀. ၂၀၂၄
Written by Hey Mar
လမ်းစည်းကမ်းချိုးဖောက်ပြီး မီးနီဖြတ်မောင်းတဲ့ ဆိုင်ကယ်က လမ်းမှန်အတိုင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိရာက ဆိုင်ကယ်စီးနင်းလာသူတွေ အသီးသီးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂၃ ရက် ည ၈ နာရီ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ဒေသခံလူမှုကူညီရေး အသင်းထံကနေသိရပါတယ်။
ဖြစ်စဉ်က ပဲခူးမြို့ မဟာမြိုင်မီးပွိုင့်မှာ ဖြစ်ပွားခဲ့ပြီး မီးစိမ်းလို့ ထွက်လာတဲ့ သမီးရည်းစားစုံတွဲ မောင်းနှင်စီးနင်းလာတဲ့ ဆိုင်ကယ်ကို မီးနီဖြတ်ထွက်လာတဲ့ ကျွန်းသာယာ စက်ပိုင်းရပ်မှာ နေထိုင်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားစီးနင်းလာတဲ့ ဆိုင်ကယ်က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
သာမဏေကျော် လူမှုကူညီရေးအသင်းက ဆိုင်ကယ် မတော်တဆမှုဖြစ်ခဲ့တဲ့ လူနာ (၃)ဦးကို ပဲခူးဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သာမဏေကျော် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “တိုက်ခံရတဲ့ စုံတွဲက ဘာမှ သိပ်မထိခိုက်သွားပေမယ့် ဝင်တိုက်တဲ့ ကောင်လေးက မနေ့က ကျွန်တော်တို့ဆေးရုံပို့စဉ်ကတော့ အသက်ရှိသေးတယ်။ သွေးတွေလည်း တအားအန်နေတယ်။ နောက်ဆက်တွဲ အခြေအနေတော့ မသိရသေးပါဘူး ” လို့ MT News ကို ပြောပါတယ်။