October 24, 2024

MT News
၂၄. ၁၀. ၂၀၂၄

ထိုင်းနိုင်ငံရောက် တရားမဝင်မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း တစ်နှစ် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားနိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့၌ ထုတ်ပြန်ခဲ့သော အတည်ပြုဆုံးဖြတ်ချက်အရ- ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသူဖြစ်စေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည်၊ ခွင့်ပြုချက်ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း၌ (၁) နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထို့အပြင် MoU လုပ်သားများကဲ့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားသည့် စီမံချက်ဖြစ်ရာ ဆက်လက်၍ (၂) နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည့်အပြင် ဆက်လက်၍ (၂) နှစ် သက်တမ်းတိုးခွင့်ရှိ၍ စုစုပေါင်း (၄) နှစ် ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အတူ နိုင်ငံခြားသားအလုပ်သမားများအတွက် အဆင်ပြေချောမွေ့စေရန် ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်သည့် အချိန်ကာလကို ယခင်က ရက် (၃၀) သတ်မှတ်ထားရာမှ ရက်ပေါင်း (၆၀) တိုးမြှင့်သတ်မှတ်ပေးခြင်းတို့အပြင် အလုပ်ရှင်အသစ် ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာ ဖြည့်စွက်ရန်ဖြစ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်များကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းကိုလည်း ကင်း လွတ်ခွင့်ပြုလိုက်သည်ဟု သိရသည်။

သို့ဖြစ်၍ MoU သက်တမ်းကုန်နေသော မြန်မာလုပ်သား များအနေဖြင့် မိမိ၏ နိုင်ငံကူးလက်မှတ်တွင် သက်တမ်းအနည်းဆုံး ၂ နှစ်ခန့် ကျန်ရှိရေး၊ CI စာအုပ် ကိုင်ဆောင်ထားသူများအနေဖြင့် လည်း သက်တမ်း ၂ နှစ်ခန့် ကျန်ရှိစေရေး ပြုလုပ်ထားရန် လိုအပ်ကြောင်းနှင့် နိုင်ငံကူးလက်မှတ်အသစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင်ရွက်ပေးလျက်ရှိ၍ သက်တမ်းကုန်/ သက်တမ်းမပြည့်မီသော CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိသောကြောင့် လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *