October 24, 2024

◾ လက်ရှိကားဈေးကွက် အရောင်းကြပ်၊ အဝယ်ကြပ် ဖြစ်နေတယ်လို့ ဆို

၂၄.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ရန်ကုန်တိုင်းအတွင်းကနေ နယ်လိုင်စင်ကားတွေကို နယ်နှင်သွားမယ်ဆိုတဲ့ကိစ္စနဲ့ နယ်ကားတွေကို ညအိပ်ခွန်ကောက်ခံမယ်ဆိုတဲ့ကိစ္စတွေဟာ ဖြစ်နိုင်ခြေမရှိဘူးလို့ ကားဈေးကွက်ရေးရာ ကျွမ်းကျင်သူက သုံးသပ်ပါတယ်။

အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွေမှာထွက်ပေါ်နေတဲ့ နယ်လိုင်စင်ကားတွေကို ရန်ကုန်ထဲပေးမဝင်ဘူးဆိုတာနဲ့ ညအိပ်ခွန်ကောက်ခံသွားမယ်ဆိုတဲ့ သတင်းတွေဟာ ကျယ်ပြန့်စွာ ထွက်ပေါ်လို့လာနေတာပဲ ဖြစ်ပါတယ်။

“ဒါက မဖြစ်နိုင်ဘူးထင်ပါတယ်။ နယ်လိုင်စင်ကားတွေကို နယ်နှင်မယ်ဆိုတာကလေ။ နယ်လိုင်စင်ကားဆို ရန်ကုန်ထဲမဝင်နဲ့၊ ရန်ကုန်ကားဆို နယ်ဘက်မသွားနဲ့ဆိုတဲ့ကိစ္စက မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ခြေမရှိဘူးလို့ဘဲ သုံးသပ်ရပါတယ်။ ဘာလို့လဲဆိုတော့ မည်သည့်လိုင်စင်ကားမဆို တစ်နိုင်ငံလုံးမှာ မောင်းနှင်ခွင့်ရှိတယ်ဆိုတာကို မော်တော်ယာဉ်ဥပဒေမှာ ပြဌာန်းထားပြီးသားဖြစ်ပါတယ်။ လိုင်စင်ကားက တစ်နိုင်ငံလုံးကို သွားလာခွင့်ရှိတယ်လေ။ ဒါကပြောရင် လိုင်းပေါ်မှာ နယ်လိုင်စင်ကားတွေဈေးကျဖို့ ဖွလိုက်တဲ့ကိစ္စတစ်ခုလို့ပဲ မြင်ပါတယ်”လို့ ကားဈေးကွက်ရေးရာ ကျွမ်းကျင်သူတစ်ဦးက MT News ကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိကာလရဲ့ ကားဈေးကွက်အခြေအနေတွေဟာလည်း အရောင်းကြပ်၊ အဝယ်ကြပ်ဖြစ်နေတယ်လို့ သူက ဆက်ပြီး ပြောပါတယ်။

“အခုကားဈေးကွက်ကဘယ်လိုဖြစ်လဲဆိုတော့ အရောင်းကြပ်၊ အဝယ်ကြပ်အနေအထားဖြစ်‌နေတယ်။ ရောင်းတဲ့သူကလည်း ဈေးမချဘူး။ ကြိုက်မှဝယ်။ ဝယ်တဲ့သူကလည်း သူတို့ပေးတဲ့ဈေးရမှ ဝယ်မယ်။ ဈေးကွက်မှာ အဲ့လိုတွေဖြစ်နေတယ်။ တချို့ဆို အခုထိ ပရိုဘောက်ကို သိန်း ၆ဝဝ ကျော်လောက် ခေါ်ရောင်းနေတာတွေရှိတယ်။ ငွေလိုတဲ့သူတွေကတော့ ချရောင်းရတာပေါ့လေ။ နောက် တချို့ကား Showroom အကြီးတွေက ကား Showroom အသေးလေးတွေကို ဈေး ၁၅၀၊ ၂ဝဝ လောက်ချပြီး ကားတွေပြန်ချရောင်းပေးနေတာ‌တွေရှိတယ်။ အမြင့်ကားတွေပေါ့လေ။ ဥပမာ ဈေးသိန်း ၃၅ဝဝ လောက်ခေါ်ထားတဲ့ကားကို သိန်း ၃၃ဝဝ လောက်နဲ့ ပြန်ချရောင်းပေးတာမျိုးပေါ့။ ဈေးကွက်မှာတော့အခုအဲ့လိုတွေဖြစ်နေတယ်”လို့ သူက ထပ်လောင်း ပြောပြခဲ့ပါတယ်။

လက်ရှိ ရန်ကုန်ကားဝိုင်းဈေးကွက်အတွင်းမှာ ပရိုဘောက်စ်၊ ဟွန်ဒါဖစ်၊ ဆူဇူးကီး၊ မစ်ဆူဘီရှီ အစရှိတဲ့ အင်ဂျင်ပါဝါ 1.3၊1.5 နဲ့ 2.0 အမျိုးအစားကားတွေကတော့ အများဆုံးအရောင်း၊ အဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Photo – CJ

#ရန်ကုန်ကားဈေးကွက် #နယ်လိုင်စင်ကား

#ဝယ်ရောင်း #ညအိပ်ခွန် #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *