October 24, 2024

၂၄. ၁၀. ၂၀၂၄
Written by Nay Moe

ဒလန်ဟု စွပ်စွဲကာ အသက်ကြီးပိုင်းအမျိုးသားလေးဦးကို PDF များက သတ်ဖြတ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကံအောင် (၆၃) နှစ်နှင့် ဦးတင်ထွန်း (၅၅) နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၁၀ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၅ နာရီ ၁၅ မိနစ်တွင် မင်းလှမြို့နယ်၊ ပေတောကုန်းကျေးရွာ၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးတင်ဝင်း (၅၇) နှစ် နှင့် ဦးမောင်ဟန် (၅၆) နှစ်သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆိုကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်၍ သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဖြစ်စဉ်များမှာ ကျူးလွန်သည့် PDF များကို အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်းလည်း ဖော်ပြထားသည်။

နွေဦးတော်လှန်ရေး စတင်ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ရဟန်း၊ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူများအပြင် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း ၈၀၀၀ ခန့်ကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်ဖြင့် NLD/CRPH/NUG/PDF/EAOs တို့က သတ်ဖြတ်ထားသလို ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၂၀၀၀ ခန့်ကိုလည်း တိုက်ခိုက်ဖျက်ဆီးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *