October 24, 2024

၂၄. ၁၀. ၂၀၂၄
Written by Nay Moe

NUG က လုပ်ဆောင်နေသည့် ကြားကာလပညာရေးအပေါ် လက်နက်ကိုင်ပြီး လွှမ်းမိုးခြယ်လှယ်နေသည့် PDF များနှင့် ပသုံးလုံးအဖွဲ့များကို အရေးယူပေးရန် အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC-CEC)က ယနေ့ တောင်းဆိုလိုက်သည်။

အချက် ၅ ချက်ပါဝင်သည့် အဆိုပါ တောင်းဆိုချက်တွင် NUG ထိန်းချုပ်နယ်မြေများတွင် ကောက်ယူနေသည့် အခွန်များမှ ပညာရေးအသုံးစရိတ်ကို ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ ပညာရေးကဏ္ဍတာဝန်ရှိသူများ ခွဲဝေသုံးစွဲနိုင်ရေး ရှင်းလင်းပြတ်သားစွာ ပေးအပ်ရန်၊ အခကြေးငွေယူပြီး ကျုရှင်သင်နေသည့် NUG ကျောင်းများကို စုံစမ်းစစ်ဆေးပေးရန်နှင့် ကလေးများအားလုံး သာတူညီမျှစွာ ပညာသင်ကြားခွင့် အခွင့်အရေးကို ချိုးဖောက်၍ ခွဲခြားဆက်ဆံနေသော ကျောင်းများမှ ကျောင်းတာဝန်ခံများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ပညာရေးကဏ္ဍကို ဝါဒဖြန့်ချိရေးနှင့် ဩဇာအာဏာတည်ဆောက်ရေးသဖွယ်အသုံးချ၍ ဝင်ရောက်စွက်ဖက် လွှမ်းမိုးခြယ်လှယ်ချုပ်ကိုင်နေသော ပကဖ၊ ပလဖ အပါအဝင် လက်နက်ကိုင်အဖွဲ့များကို လက်နက်ကိုင်အဖွဲ့အစည်းများဆိုင်ရာ မူဝါဒများနှင့်အညီ NUG ၊ MOD နှင့်တကွ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများက ထိန်းကျောင်းကြပ်မတ်ပေးရန်နှင့် လိုအပ်ပါက ဥပဒေအရ အရေးယူပေးရန်အပြင် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို ချိုးဖောက်၍ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် အပါအဝင် ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၏အခန်းကဏ္ဍကို ဖယ်ထုတ်ရန် ကြိုးပမ်းနေသော ကျောင်းတာဝန်ခံများ၊ မြို့နယ်ပညာရေးတာဝန်ရှိသူများကို ဘက်လိုက်မှုကင်းစွာ စုံစမ်းစစ်ဆေး၍ ထင်ရှားပါက သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ထိန်းကျောင်းအရေးယူ ဆောင်ရွက်ပေးပါရန်လည်း BEGSC-CEC က တောင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *