October 24, 2024

၂၄. ၁၀. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံမှ တင်သွင်းနေသည့် တရုတ်ဘက်မှ သွင်းကုန်များအား တရုတ်နိုင်ငံက ၎င်းနိုင်ငံဘက်ခြမ်းတွင် စစ်ဆေးမှုတင်းကျပ်နေပြီး အထူးသဖြင့် အွန်လိုင်းမှ ရောင်းချနေသည့် ပစ္စည်းများကို အဓိကစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း မြန်မာ-တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ်စပ်ဂိတ် ၃ ခုဖြစ်သည့် နန်းတော်ဂိတ်မှ လူဝင်ထွက်ခွင့်ပြုထားပြီး ဆင်ဖြူဂိတ်မှ ကားလေးနှင့် ဆိုင်ကယ် ဝင်ထွက်ခွင့်ပြုထားသလို မန်ဝိန်းဂိတ်မှ ကုန်ပစ္စည်းများ ဝင်ထွက်ခွင့်ပြုထားခြင်းဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းသွားပြီးနောက် ဆင်ဖြူ‌ဂိတ်မှ ကားလေးနှင့် ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

“နှစ်နိုင်ငံကုန်သွယ်မှုရပ်သွားတော့ ဆင်ဖြူပေါက်ကနေ ကားလေးတွေ၊ ဆိုင်ကယ်တွေနဲ့ တင်တာရှိတယ်။ အွန်လိုင်းပစ္စည်းတွေပေါ့။ တရုတ်ပြည်မှာ အကောက်ခွန်မဆောင်ဘဲလာတဲ့ ပစ္စည်းတွေကို အဓိကတင်းကျပ်တာ။ ပြီးရင်လည်း ဆိုင်ကယ်တစ်စီးတင်လာတာက AD Van ကားတစ်စီးတောင် မဆံ့ဘူး။ အဲဒါမျိုးတွေကိုလည်း အဓိကတင်းကျပ်တာပေါ့။ ပိတ်လိုက်တာတော့ မဟုတ်ဘူး။ စစ်ဆေးမှု တင်းကျပ်တာပေါ့။ သူတို့ဘက်လည်း ဂိုဒေါင်တွေထဲ ဝင်စစ်တာတွေရှိတယ်။ ကျွန်တော်တို့ မန္တလေး၊ မော်လမြိုင်မှာ ဂိုဒေါင်တွေကို ဝင်စစ်သလို အဲဒီပုံစံမျိုးနဲ့ခပ်ဆင်ဆင်ပါ” ဟု မူဆယ်မြို့ရှိ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲဖြစ်သော ကိုးကန့် MNDAA ၊ ရခိုင်လက်နက်ကိုင် AA နှင့် တအာင်း TNLA တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ကြေညာခဲ့ပြီးနောက် လားရှိး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းများနှင့် ပြည်ထောင်စုလမ်းမကြီးကို စတင်တိုက်ခိုက်ချိန်မှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးစတင်ပြီးချိန်မှစတင်၍ မြန်မာ-တရုတ်နယ်စပ် အဓိကတရားဝင်ဂိတ်ဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည်လည်း လက်ရှိအချိန်အထိ ပိတ်ထားရခြင်းကြောင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို တရားဝင်တင်သွင်းမှုထက် တရားမဝင်လမ်းကြောင်းများက ပိုမိုဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေးက ပြတ်သွားတော့ ပုံမှန်သွားလာတဲ့ဟာလည်း မရှိတော့ဘူး။ မူဆယ် ၁၀၅ မိုင်တို့ဘာတို့ကလည်း အခုက ထိန်းချုပ်မှုအောက်မှာမရှိတော့ တရားဝင်သွားတာတွေမရှိဘူး” ဟု ၎င်းက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်ခဲ့သည့် သတင်းများအရ ယူနန်ပြည်နယ်၊ ဆစ်ဆောင်ပန်နားမြို့နယ်ရှိ DaLuo ပို့ဆောင်ဆက်သွယ်ရေးဂိတ်မှ ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲမှုအရ တရုတ်နိုင်ငံ၏ ပို့ကုန်များဖြစ်သော အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်ဆက်စပ်ပစ္စည်းဖြစ်သော ဘတ္ထရီ၊ ဆိုလာဘတ္ထရီ၊ ဆိုလာပြားအင်ဂျင်၊ မီးသီးမီးအိမ်များ၊ စားသောက်ကုန်များ၊ ဘိလပ်မြေများအစရှိသည့် ပစ္စည်းများကို မြန်မာနိုင်ငံသို့တင်ပို့ခြင်း ခေတ္တယာယီ ထွက်ခွင့်မပြုကြောင်း Customer အနေဖြင့် ကြိုတင်သိရှိရန် အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *