October 24, 2024

၂၄.၁၀.၂၀၂၄
Written By Zun

လားရှိုးမြို့ကို ယမန်နေ့ အောက်တိုဘာ ၂၃ ရက်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာအုပ်စု၊ ခိုဆန်တန်ကျေးရွာရှိ ရိုးရာဆန်အရက်ချက်စက်ရုံဟောင်း၊ အမှတ် (၁) ရဲစခန်း၊ ရပ်ကွက် (၁၂)အနီးနှင့် အကျဉ်းထောင်တို့ကို ဗုံးကြဲခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီ ခွဲကျော်အချိန်က MNDAA များရှိနေသော ရိုးရာဆန်အရက်ချက်စက်ရုံဟောင်း၊ နံနက် ၁၀ နာရီခန့်က ရပ်ကွက် ၁၂ အနီး၊ ညနေ ၃ နာရီ ကျော်အချိန်က MNDAA အဖွဲ့များ အထိုင်စခန်းချရာရဲစခန်းနှင့် အကျဉ်းထောင်တို့ ဗုံးကြဲခံရခြင်းဖြစ်သောကြောင့် တစ်နေ့တည်း လေကြောင်းမှဗုံးကြဲခံရမှု ၄ ကြိမ်ရှိခဲ့ခြင်းဖြစ်သည်။

“အမှတ်(၁)ရဲစခန်းကို ဗုံး ၄ လုံး ထပ်ကြဲချတယ်။ အကျဉ်းထောင်မှာ ၄ လုံး ကျတယ်။ မနက် ၁၀ နာရီလောက်က ရပ်ကွက် (၁၂) ဘက်ကို တစ်လုံးကျတယ်။ ဆန်အရက်စက်ရုံနေရာနဲ့ဆိုရင် တစ်နေ့တည်း ၄ နေရာ ဗုံးကျခဲ့တယ်။ အရက်ချက်စက်ရုံမှာ အခု မူးယစ်ဆေးလုပ်နေတာ၊ MNDAA က မူးယစ်ဆေးထုတ်နေတာ အဲဒီမှာ။ ပြီးတော့ လက်နက်တွေ လှောင်ထားတယ်တဲ့။ ရဲစခန်းက ဆက်ကြေးကောက်တဲ့နေရာ။ အကျဉ်းထောင်မှာတော့ ဘယ်လိုတွေ ထိသွားလဲဆိုတာ မသိဘူး။ ရဲစခန်းမှာတော့ ကိုးကန့်တွေထိတယ်ကြားတယ်။ ကျွန်တော်တို့က လားရှိုးကို ပြန်ရောက်လာတာ ၁၀ ရက်လောက်ပဲ ရှိသေးတယ်။ အိမ်ကိုလာကြည့်တာ။ ဒီရက်ပိုင်း စစ်ရှောင်ရမယ်။ ပိုပိုပြီးမှ ဆိုးလာပြီ။ အခုက”ဟု လားရှိုးဒေသခံတစ်ဦးက MT News ကို ပြောသည်။

MNDAA ၏ ထုတ်ပြန်ချက်တွင် ရိုးရာဆန်အရက်ချက်စက်ရုံကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရသူမရှိခဲ့သော်လည်း ပေါက်ကွဲမှု၏ ကြီးမားကြောင်း ဖော်ပြထားပြီး အခြားနေရာများဗုံးကြဲခံရသည်ကို မထုတ်ပြန်သေးပေ။

အောက်တိုဘာလ ၁၉ ရက်နှင့် အောက်တိုဘာလ၂၀ ရက်တို့တွင် လောက်ကိုင်မြို့နှင့် နမ့်ဟူးမြို့နယ်အတွင်း ဗုံးကြဲတိုက်ခဲ့ပြီးနောက် လားရှိုးကို အောက်တိုဘာ ၂၂ ရက် နံနက်က ဗုံးကြဲ ခံရသောကြောင့် ၃ ဦးဒဏ်ရာရခဲ့ ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်ထိ လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၂၄ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *