October 24, 2024

၂၄.၁ဝ.၂ဝ၂၄
Written by K Pyay Thein

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ရွှေပြည်သာမြို့နယ်အတွင်းမှာ ဒီကနေ့
အောက်တိုဘာ ၂၄ ရက်၊ နံနက်ပိုင်းကစလို့ ရေပြန်ကျလာလို့ ကယ်ဆယ်ရေးစခန်းတွေကို ပိတ်သိမ်းလိုက်ပြီး ရေဘေးရှောင်ပြည်သူတွေအများစုက သူတို့ရဲ့နေအိမ်တွေကို ပြန်သွားကြပြီဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးသမားတွေထံကနေ သိရပါတယ်။

“ရေကပြန်ကျသွားပြီ။ မိုးကလည်းပါးသွားတယ်။ အခု ရေကျန်တာဆိုလို့ ရပ်ကွက် ၂ဝ ရယ်၊ နောက်ထပ်ရပ်ကွက်တစ်ခု၊ နှစ်ခုလောက်ပဲ ကျန်မယ်။ ကျန်တဲ့နေရာတွေကတော့ ရေပြန်ကျသွားပါပြီ။ ရေပြန်ကျပေမယ့် အိမ်တွေမှာ သန့်ရှင်းရေးလုပ်ရတာတွေ ရှင်းလင်းရတာတွေရှိနေတော့ သူတို့တွေအဆင်ပြေအောင်လို့ အမတို့ကတော့ ထမင်းထုပ်ဝေပေးတာကို ဆက်လုပ်ပေးနေပါတယ်။ ရွှေပြည်သာဘက်က ရေတက်လာရင် ရှောင်လိုက်ကြ၊ ရေကျရင် ပြန်လိုက်ကြနဲ့ အဲ့လိုပါပဲ​။ အခုဆို လူဦးရေ ၂ဝဝဝ ကျော်လောက်က ပြန်သွားကြပါပြီ”လို့ နယ်မြေခံ လူမှုကူညီရေးသမားတစ်ဦးဖြစ်တဲ့ မရွှေလဲ့က MT News ကို ပြောပြပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်မြို့မှာ လေးရက်နီးပါးဆက်တိုက်ဆိုသလို မိုးရွာသွန်းခဲ့ပြီး ထူးကဲဒီရေတက်လာချိန်လည်းဖြစ်တာကြောင့် အနိမ့်ပိုင်းမြို့နယ်၊ ရပ်ကွက်အများစုမှာ ရေဝင်ရောက်မှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်‌ပေါ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နယ်မြေခံပရဟိတအဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေက စုပေါင်းပြီး‌တော့ ရေကျန်ရှိနေသေးတဲ့နေရာတွေမှာ ထမင်းဘူး‌ ပေးဝေတာတွေနဲ့ ရေဝင်ရောက်ခဲ့တဲ့ နေအိမ်တွေမှာ ရေစုပ်စက်တွေနဲ့ ရေဆိုး၊ ရေညစ်တွေကိုသန့်ရှင်းပေးတာတွေကို ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Photo – CJ

#ဆိုက်ကလုန်းမုန်တိုင်း #ရွှေပြည်သာ #‌ရေကြီးရေလျှံ #ကယ်ဆယ်ရေးတွေပိတ်သိမ်း #ရန်ကုန်မြို့ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *