October 24, 2024

၂၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အောက်တိုဘာလ ၂၃ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်း ထရာမီ-Trami (ဒေသအခေါ် ခရစ်စတင်း-Kristine) ကြောင့် အနည်းဆုံးလူ ၁၄ ဦးသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ပြည်သူများမှာလည်း နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

ဖိလစ်ပိုင်မြောက်ပိုင်းတွင် အနည်းဆုံး လူ ၃၂,၀၀၀ ခန့် နေအိမ်များကို စွန့်ခွာခဲ့ကြရပြီး မုန်တိုင်းကြောင့် သက်ရောက်မှုခံခဲ့ရသော ပြည်သူ နှစ်သန်းခန့်ရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

မုန်တိုင်းဖြတ်သန်းရာလမ်းတစ်လျှောက် မိုးရေချိန် ၅၀၀ မီလီမီတာကျော်( ၁ ဒသမ ၆၄ ပေ)ခန့် ရွာသွန်းခဲ့ပြီး ကယ်ဆယ်ရေးစခန်းများသို့ မိသားစု ၄၃,၀၀၀ (သို့မဟုတ်) ပြည်သူ ၄၃၁,၇၃၈ ဦး ရောက်ရှိနေကြောင်းလည်း သိရသည်။ ထို့ပြင် အောက်တိုဘာလ ၂၄ ရက် နံနက်သတင်းများက မုန်တိုင်းကြောင့် မြေပြိုမှု ၁၇ ကြိမ် ဖြစ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

မုန်တိုင်းကြောင့် အိမ်ခြေ ၁,၀၀၀ ကျော်မှာ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) လုံးဝပျက်စီးခဲ့ရကြောင်းလည်း သတင်းများကဆိုသည်။

အပူပိုင်းမုန်တိုင်း ထရာမီက ကုန်းတွင်းဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့ရှားနေကာ အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင် အနောက်ဘက် ပင်လယ်ပြင်သို့ ဝင်ရောက်မည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်း အားကောင်းသော အပူပိုင်းမုန်တိုင်းအဖြစ် ထပ်မံအဆင့်မြင့်လာမည်ဟု မိုးလေဝသခန့်မှန်းချက်များက ဆိုသည်။

Ref- Philstar.com

Leave a Reply

Your email address will not be published. Required fields are marked *