October 24, 2024

၂၄.၁၀. ၂၀၂၄
Written by Shwe Phyo

မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် နိုင်ငံရေးအခက်အခဲများကို ဆွေးနွေးဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဆက်သွယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆာရီမိုဟာမက် ဟတ်ဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်းအနေဖြင့် အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြီးဆုံးမည့် CHOGM(Commonwealth Heads of Government Meeting) အစည်းအဝေးပြီးချိန်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဆက်သွယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက”ကျွန်တော်ဟာ CHOGM အစည်းအဝေးတက်ရောက်ပြီးနောက် ပြန်လာချိန်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ဆွေးနွေးမယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးထံကနေ ဆက်သွယ်မှုတွေ ရရှိထားတယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ ဆွေးနွေးဖို့ ဆန္ဒရှိနေတယ်။ ကျွန်တော်တို့ဟာ မြန်မာ့အရေးမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေ ဘာတွေလိုချင်နေသလဲဆိုတဲ့အချက်တွေ သိရအောင် ဆွေးနွေးမယ်။ ဆွေးနွေးမှုတွေက အခွင့်အရေးရအောင် ကြိုးပမ်းရမယ်။ ကျွန်တော်တို့ဟာ မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကို ဖိအားပေးမှာမဟုတ်ဘူး။ အဲဒီအဖွဲ့အစည်းတွေရဲ့စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကို သိရအောင် အသံတွေကို နားထောင်မယ်” ဟုပြောသည်။

မလေးရှားနိုင်ငံသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စများကို အဓိကထား ကိုင်တွယ်ဖြေရှင်းရဖွယ်ရှိနေကြောင်း သိရသည်။ အာဆီယံအဖွဲ့သည် မြန်မာ့အရေးကို ကြားဝင်ဆောင်ရွက်ရန်အတွက် ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက ကြိုးပမ်းခဲ့သော်လည်းလက်ရှိအချိန်အထိ အောင်မြင်မှုမရသေးကြောင်း ဝေဖန်မှုများရှိနေသည်။

REf, malaymail

Leave a Reply

Your email address will not be published. Required fields are marked *