October 24, 2024

၂၄. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၆ သန်းနှင့် ဒေါ်လာ ၂ သန်းခွဲကျော် ထပ်မံထုတ်ရောင်းပေးခဲ့၍ သီတင်းကျွတ်ရုံးပိတ်ရက်အပြီး သွင်းကုန်အတွက် အဓိကလိုအပ်သည့် နိုင်ငံခြားငွေများကို လေးရက်ဆက်တိုက် ထုတ်ရောင်းပေးထားကြောင်း အောက် တိုဘာ ၂၃ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် သီတင်းကျွတ်ရုံးပိတ်ရက် နောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၂၀ ရက်တွင် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်း၊ အောက်တိုဘာာ ၂၁ ရက်တွင် ဒေါ်လာ ၂ သန်းကျော်နှင့် တရုတ်ယွမ် ၁ သန်းခွဲ၊ အောက်တိုဘာ ၂၂ ရက်တွင် ဒေါ်လာ ၇ သန်းခွဲကျော်နှင့် ထိုင်းဘတ်သန်း ၁၅၀ နီးပါး၊ အောက်တိုဘာ ၂၃ ရက် (ယမန်နေ့) တွင် ဒေါ်လာ ၂ သန်းခွဲကျော်နှင့် ထိုင်းဘတ် ၁၆ သန်းဖြင့် လေးရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေးရက်အတွင်း ဗဟိုဘဏ်မှ ဒေါ်လာ ၄၇ သန်းကျော်၊ ထိုင်းဘတ် ၁၆၆ သန်းနှင့် တရုတ်ယွမ် ၁ သန်းခွဲ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ သီတင်းကျွတ်ရုံးပိတ်ရက် ၅ ရက်အတွင်း အဓိကလိုအပ်သည့် သွင်းကုန်ပစ္စည်းများတင်သွင်းမှု မပြတ်တောက်စေရန်အတွက် ဗဟိုဘဏ်မှ ထိုင်းဘတ်သန်း ၂၀၀ နီးပါးနှင့် ဒေါ်လာ ၆ သန်းကျော်အား ရုံးပိတ်ရက်မတိုင်မီ အောက်တိုဘာ ၁၅ ရက်က ကြိုတင်ထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၂၂ ရက်အထိ နှစ်လခွဲကျော်တွင် ဒေါ်လာ ၃၉၅ သန်းခွဲ၊ ထိုင်းဘတ် ၇၃၄ သန်းရောင်းပေးခဲ့သလို တရုတ်ယွမ် ၃၂ သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေးနှုန်းသည် ယနေ့တွင် တစ်ဒေါ်လာ ၄၆၈၀ ကျပ်အထိ ကျဆင်းလာခဲ့သော်လည်း ဗဟိုဘဏ်အနေဖြင့် အောက်တိုဘာလ ၂၃ ရက် (ယမန်နေ့)တွင် Online Trading Platform မှ တစ်ဒေါ်လာ ၃၅၆၄ ကျပ်ဖြင့်သာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *