October 24, 2024

◾ NUG ထုတ်ပြန်ချက်တွင် မယုမွန်ထိုက်နှင့် လူသတ်တရားခံကို သမီးရည်းစားဟု သေသူ၏ဂုဏ် ညှိုးနွမ်းအောင် ဖော်ပြထားသော်လည်း မိခင်၏ တိုင်စာတွင်မူတရားခံကို ပြန်မကြိုက်ဘဲ အမျိုးသမီးချင်း ချစ်ကြိုက်နေ၍ တရားခံက ရက်စက်စွာသတ်ဖြတ်ဟု ဖော်ပြခဲ့၍ NUG ထုတ်ပြန်မှုက သေသူနစ်နာ

၂၄. ၁၀. ၂၀၂၄
Written by Nay Moe

မိဘအရင်းရှေ့တွင် အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်သည့် PDF ဒုတပ်ခွဲမှူးအား NUG က မြန်မာ့တပ်မတော်က လက်ရှိအသုံးပြုနေသည့် တပ်မတော်အက်ဥပဒေဖြင့် ထောင် ၁၀ နှစ်ချဟု ထုတ်ပြန်လာသည်။

တရားခံကို အရေးယူမှုမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတစ်ဦးကို NUG ၏ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ (ငပြည့်) က ပစ်သတ်ခဲ့ကြောင်း အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်သဖြင့် တရားခံကို အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်သည်ဟု ဖော်ပြထားပြီး ထိုဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော် ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါအမှုကို စစ်ဆေးကြားနာရန် (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄) ဖြင့် အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ကာ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေ သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် (ဆယ်နှစ်) ကျခံစေရန် နှင့် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့သည်ဟု ဖော်ပြပါရှိသည်။

သို့သော် မယုမွန်ထိုက်၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းယု၏ NUG ထံ တိုင်ကြားစာတွင်မူ PDF တပ်စိတ်မှူးဟု မိဘများသိရှိထားသူ ကိုပြည့်က “ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာနေ ဒေါ်စန်းစန်းယုမှ သမီးဖြစ်သူ မယုမွန်ထိုက်အား လူမဆန်စွာ သတ်ဖြတ်ခံရခြင်းကို တိုင်ကြားခြင်း” ခေါင်းစဥ်ဖြင့် “ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ တပ်ရင်း – ၂ တပ်မှ တပ်စိတ်မှူး ကိုပြည့်ဆိုသူသည် ကျွန်မ၏ သမီး မယုမွန်ထိုက်မှ ၎င်းအားပြန်မကြိုက်ပဲ မိန်းခလေးအချင်းချင်း ချစ်ကြိုက်နေသည့်ဟု စွပ်စွဲချက်ဖြင့် (၂၆.၂.၂ဝ၂၄) (၀၃း၄၅) မိနစ်အချိန်ခန့်တွင် နေအိမ်ခြံဝင်းအတွင်း လာရောက်ပြီး လူအများရှေ့တွင် ကျွန်မ၏ သမီးဖြစ်သူ မယုမွန်ထိုက်အား လူမဆန်စွာ သတ်ဖြတ်သွားသည့် အတွက် ကျူးလွန်သူ တပ်ရင်း -၂ တပ်စိတ်မှူး ကိုပြည့်အား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ရိုသေလေးစားစွာဖြင့် တင်ပြတိုင်ကြားအပ်ပါသည်။” ဟု NUG တာဝန်ရှိသူများကို တိုင်ကြားခဲ့သည်ကို တွေ့ရှိရသည်။

ထိုသို့ တိုင်ကြားထားသည့်ကြားမှ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက သေသူ၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် သမီးရည်းစားစကားများ၍ သတ်သည့်အသွင် အရေးယူခြင်း၊ လူတစ်ဦးကို သတ်ဖြတ်ခြင်းအား ထောင် ၁၀ နှစ်သာ ချခြင်း၊ တရားခံကို မည်သည့်နေရာတွင်ထားပြီး အမှန်တကယ်အရေးယူမှု ရှိမရှိ မသိရခြင်း၊ NUG ၏ COC/ ဥပဒေ စသည်ဖြင့် စကားလုံးများအား တစ်ချိန်လုံးသုံးနှုန်းခဲ့ပြီးမှ ကိုယ်ပိုင်ဥပဒေဖြင့် စီရင်ခြင်းမပြုဘဲ မြန်မာ့တပ်မတော် လက်ရှိအသုံးပြုနေသည့် တပ်မတော်အက်ဥပဒေဖြင့် စီရင်ခြင်းများ ပြုလုပ်နေသည့်အတွက် လူမှုကွန်ရက်တွင်လည်း ဝေဖန်မှုများရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *