October 23, 2024

ဖြိုးဝေ
၂၃. ၁၀. ၂၀၂၄

မြန်မာ့အရေးသဘောထားတင်းမာသူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ SAC အစိုးရမပါဝင်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေ အမေရိကန်အပါအဝင် အနောက်အုပ်စုသံတမန်တွေနဲ့ အစည်း အဝေးလုပ်ပြီး ၁၄ ရက်အကြာမှာ ရာထူးနေရာအစားထိုးခံလိုက်ရတဲ့ ဒီတစ်ပတ်မှာပဲ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံးကို ဗုံးခွဲတိုက်ခိုက်သူတွေ ဖမ်းဆီးအရေးယူပေးဖို့ တရုတ်အစိုးရက SAC အစိုးရကို တောင်းဆိုခဲ့မှုဖြစ်စဉ်တွေနဲ့ မြန်မာ-ရုရှားနှစ်နိုင်ငံ ဒုတိယအကြိမ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ရေး ဆောင်ရွက်ဖို့ ရုရှားရေတပ်က စစ်ရေယာဉ် ၄ စင်း ရန်ကုန်မြို့ကို ရောက်လာခဲ့တဲ့ဖြစ်စဉ် တွေ့မြင်ရပါတယ်။

အခြားတစ်ဖက်မှာလည်း SAC ဥက္ကဋ္ဌ တရုတ်နိုင်ငံကို သွားရောက်ဖွယ်ရှိတာ၊ MNDAA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီးကတည်းက လားရှိုးမြို့ကို အကြိမ် ၂၀ လောက် လေကြောင်းတိုက်ခိုက်တာ၊ နိုင်ငံတော်အဆင့် လမ်းညွှန်မှာကြားနိုင်ဖို့ ဝန်ကြီးဌာနတွေနဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေက နိုင်ငံတော်အဆင့် သိသင့် သိထိုက်တာတွေ တင်ပြဖို့လိုတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ မြဝတီမှာ ကျားဖြန့်အဖွဲ့က တရုတ်ကျောင်းသား (၃) ဦးကို ပြန်ပေးဆွဲတာကြောင့် မြန်မာ-ထိုင်း အစိုးရချင်း ပူးပေါင်းကယ်ထုတ်ပေးခဲ့ရတာ၊ ဘုတလင်မှာ လူ ၆ ဦးကို ဆိုးဆိုးရွားရွားသတ်ခဲ့ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်လက်ညှိုးထိုးနေကြတာ၊ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို သွေးခွဲပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်မရှိတဲ့ နိုင်ငံဖြစ်အောင် အင်အားကြီးနိုင်ငံတွေက ဆောင်ရွက်နေတယ်လို့ SAC ဒုဥက္ကဋ္ဌ ပြောကြားလာတာ၊ ဖားကန့်က သတင်းထောက်နှစ်ယောက်ကို KIA က တစ်လနီးပါး ဖမ်းဆီးထားမှုအပေါ် CPJ က ချက်ချင်းပြန်လွှတ်ဖို့ပြောကြားရာမှာ KIA ကို သူပုန်လို့ သုံးနှုန်းဖော်ပြခဲ့တာ၊ ၂၀၂၄ ခုနှစ်အတွက် Asia Power အညွှန်းကိန်းအဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက အဆင့် ၂၃ နေရာ ရပ်တည်ခဲ့ပြီး ရမှတ် ၇ မှတ်မပြည့်ဘဲ တစ်နှစ်ထက်တစ်နှစ် ရမှတ်ဆိုးရွားလာတာ၊ ချင်းလက်နက်ကိုင်တွေကို ထောက်ပံ့တဲ့ ပလက်၀က ချင်းပြည်သူ ၄၀ နီးပါးကို ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးထားတာ စတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာနိုင်ငံမှာ အာဆီယံရဲအဖွဲ့ညီလာခံကို အိမ်ရှင်အဖြစ်လုပ်ဆောင်တဲ့အကြောင်း၊ NUG အောက် မဝင်တဲ့ လက်နက်ကိုင်တွေ အညံ့ခံမလား၊ ဖြိုခွဲခံမလား မေးခွန်းထုတ်ခံနေရတယ်ဆိုတဲ့အကြောင်းနဲ့ NUG ရဲ့ အဂတိမှုတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။

◾ မြန်မာပြည်က အာဆီယံရဲညီလာခံ

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံရဲ့ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ( ၁ ) (MICC-1)၊ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ပြီး ဒီညီလာခံက အောက်တိုဘာ ၂၄ ရက်အထိ ပြုလုပ်မှာပါ။

မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ အထီးကျန်နိုင်ငံဖြစ်အောင် အမေရိကန်ဦးဆောင်ပြီး ဖိအားပေးနေချိန်မှာ အာဆီယံရဲတပ်ဖွဲ့ညီလာခံလုပ်ခွင့်ရတာ ထူးဆန်းသလို လာရောက်တက်ကြတဲ့အထဲမှာ အာဆီယံရဲတပ်ဖွဲ့ဝင်နိုင်ငံတွေက ရဲချုပ်တွေ၊ အဆင့်မြင့်ရဲအရာရှိကြီးတွေအပြင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi နဲ့ ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကိုယ်စား လှယ်တွေအပြင် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ကိုယ်စားလှယ်တွေ၊ အာဆီယံနိုင်ငံတွေက သံတမန်တွေပါ တက်ရောက်ခဲ့သေးတာကို မြင်ရတာပါ။

ဒ့ါအပြင် ဆွေးနွေးမယ့်အကြောင်းအရာတွေကလည်း လတ်တလောမှာ ကမ္ဘာက စိတ်ပူနေရတဲ့ ကျားဖြန့်နဲ့ မူးယစ်ဆေးကိစ္စတွေပါဝင်နေတာတွေ့ရပြီး နိုင်ငံဖြတ်ကျော်မှုခင်းနယ်ပယ်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု (Illicit Drug Trafficking)၊ အကြမ်းဖက်မှု (Terrorism)၊ လက်နက်မှောင်ခိုမှု (Arms Smuggling)၊ လူကုန်ကူးမှု (Trafficking in Person)၊ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာပြစ်မှု (Wildlife Crime)၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု (Maritime Fraud)၊ စီးပွားရေးဆိုင်ရာမှုခင်း၊ ဘဏ်မှုခင်းနဲ့ ခရက်ဒစ်ကတ်လိမ်လည်မှု (Commercial Crimes Bank Offences and Credit Card Fraud)၊ ဆိုင်ဘာရာဇဝတ်မှု (Cybercrime)၊ ခရီးသွားစာရွက်စာတမ်းအတု ပြုလုပ်မှု (Fraudulent Travel Document) နဲ့ နိုင်ငံဖြတ်ကျော်လိမ်လည်မှု (Transnational Fraud)တွေကို ဆွေးနွေးကြမှာပါ။

ကမ္ဘာကြီးဟာ ဒီမိုကရေစီနဲ့ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံက မူးယစ်ရာဇာတိုင်းရင်းသားလက်နက်ကိုင်တွေ စစ်ပွဲဆင်နွှဲပြီး နယ်မြေလုနိုင်ဖို့အတွက် မူးယစ်ဆေးတွေ ပိုထုတ်လာကြတာကို အရင်ကတော့ အမေရိကန်ဦးဆောင်ပြီး မသိကျိုးကျွံထားခဲ့တာပါ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နျူကလီးယားလက်နက်ထုတ်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကမ္ဘာဆီ မှောင်ခိုတင်ပို့နေတာကို သိလိုက်ရချိန်ကြမှ တိုင်းရင်းသားလက်နက်ကိုင်မူးယစ်ရာဇာတွေကို သူကောင်းပြုမိတာ မှားပြီလို့ အမေရိကန်က တွေးမိပုံပါ။ ဒါကြောင့် အခုမှ မြန်မာအစိုးရအာဏာပိုင်တွေ ပြောဆိုနေသလို နိုင်ငံဖြတ်ကျော်မှုခင်းတွေ အရေးယူနိုင်ဖို့ တ​ခြားနိုင်ငံတွေ ပူးပေါင်းမှုလိုအပ်တယ်ဆိုတာ အမှန်တကယ်ပါလို့ သိမြင်လာကြလို့ အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာပြည်တင် လုပ်ပြီး အရေးပေါ်လုပ်ဆောင်ရမှာတွေ ဆွေးနွေးကြသလို ကမ္ဘာက တုန်လှုပ်နေကြရတဲ့ ကျားဖြန့်နဲ့ မူးယစ်ဆေးအရေး ဆွေးနွေးဖို့အတွက် အင်တာပိုလ်ဥက္ကဋ္ဌကိုယ်တိုင် မြန်မာနိုင်ငံက အာဆီယံရဲညီလာခံကို လာတက်ပေးရသလားဆိုတာ သိပ်မကြာခင် သိရမှာပါ။

◾ လက်အောက်ဝင်မလား၊ ဖြိုခွဲခံမလား မေးခံနေရတဲ့ ဒေသန္တရလက်နက်ကိုင်

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်က တပ်ရင်း (၅)၊ တပ်ခွဲ (၃) အခြေစိုက်ရာ ခင်ဦးမြိုနယ်၊ ကံသာကျေးရွာက တပ်ခွဲ (၃)၊ တပ်ခွဲမှူး မျိုးလှိုင်ဝင်း အပါအဝင် BNRA တပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ ထောက်ပို့/သာမန်ပြည်သူ ၁၄ ဦးထက်မနည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း (၃) က အောက်တိုဘာ ၁၈ ရက်ညမှာ လူအင်အား ရာချီအသုံးပြုပြီး ကံသာကျေးရွာအထိ ဝင်ရောက် ဖမ်းဆီးကြတယ်လို့ သိရပါတယ်။

“ရေဦးမြိုနယ်မှာ NUG လက်အောက်ခံအဖွဲ့တွေက BNRA တပ်သားအယောက် သုံးဆယ်ဝန်းကျင်နဲ့ပြည်သူအယောက်ခုနှစ်ဆယ်နီးပါးကိုဖမ်းပြီး အိမ်တွေပါ ချိပ်ပိတ်တယ်လို့ ကြားသိရတယ်။ အယောက် ၂၀၀ နီးပါးလောက် လာရောက် ဖမ်းဆီးတယ်လို့ မြေပြင်သတင်းအရ ကြားသိရတယ်။ ဒီကိစ္စကို NUG က ဘယ်လိုတာဝန်ယူဖြေရှင်းပေးမလဲဆိုတာ သက်ဆိုင်တဲ့အဖွဲ့အစည်းက ပြည်သူကိုချပြပေးစေချင်တယ်”လို့လည်း Gz Freedom က ရေးသားဖော်ပြပါတယ်။

ဖြစ်စဥ်အစက BNRA တပ်ခွဲ (၃) က ကံသာရွာထဲမှာ ကျဆုံးရဲဘော်တွေအတွက် အထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ်လပြည့် ည ၇ နာရီလောက်မှာ သေနတ် ပစ်ဖောက်ခဲ့တာလို သိရပြီး ရွာထဲ သေနတ်ဖောက်ဖို့ အကြောင်းကြားမထားတဲ့အတွက် NUG ဩဇာခံ PDF တွေက လာရောက်ပြီး အင်အားရာချီနဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးရာမှာ NUG ဩဇာခံ PDF တွေဘက်က ခင်ဦးပကဖက ထွန်းဝင်းအောင် ဦးဆောင်ပြီး ခရိုင်ကွပ်ကဲရေးမှူး ဒူကဘာရဲ့ အစီအစဥ်နဲ့ဖမ်းဆီးတာဖြစ်တယ်လို့ သိရသလို BNRA တပ်ဖွဲဝင် ၂၀ ကျော်နဲ့ ပြည်သူ ၁၄ ဦးထက်မနည်းဖမ်းဆီးသွားတဲ့အပြင် NUG ရဲ့ PDF တွေက BNRA တပ်ရင်း (၅) တပ်ခွဲမှူးနဲ့ ဒုတပ်ခွဲမှူးတို့ကို မသေရုံတမယ် ရိုက်နှက်ဖမ်းဆီးတယ်လို့လည်း သိရပါတယ်။

“NUG က ရည်မွန်ရဲ့ စေခိုင်းချက်နဲ့ နဂါးရဲ့ BNRA အဖွဲဝင်တွေကို PDF တွေက ဖမ်းဆီးသွားပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်နေတယ်တဲ့…။ နဂါးဦးဆောင်တဲ့ BNRA အဖွဲ့က NUG ရဲ့ MOD အောက်မဝင်လို့ အငြိုးအတေးထားပြီး ဖမ်းချင်တိုင်းဖမ်း၊ နှိပ်စက်ချင်တိုင်း နှိပ်စက်နေတာ ဖြစ်ပါတယ်။ ဒီတော့ ရည်မွန်ရဲ့ စေခိုင်းချက်နဲ့ ထင်တိုင်းကြဲ လုပ်ချင်တိုင်းလုပ်ပြီး စော်ကားနေတာကို နဂါး ဘာလုပ်မှာလဲ။ ငြိမ်ခံမှာလား။ ပြန်ပြီးတုံ့ပြန်မှာလား။ ငြိမ်ခံမယ်ဆိုရင်တော့ နောက်ဆိုရင် လုပ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဒီထက်ပိုဆိုးတဲ့ စော်ကားအနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ နဂါးသိထားဖို့လိုမယ်” လို့လည်း ဖြစ်စဥ်သိရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရေးသားထားပါတယ်။

NUG ရဲ့ MOD လက်အောက်ခံစစ်ဒေသက PDF တွေက BNRA တပ်သားတွေနဲ့ ရွာသားတွေကို ဝင်ဖမ်းတဲ့အပြင် BNRA ကို လက်မခံဖို့ တိုက်တွန်းကြသလို BNRA ကို လက်မခံရင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးမယ်လို့ တိုက်တွန်းကြတယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။ ဒါ့အပြင်လည်း NUG ဩဇာမခံတဲ့အဖွဲ့တွေဟာ NUG ရဲ့ “အောက်ကိုဝင်မလား၊ ချေမှုန်းခံမလားလို့ သွယ်ဝိုက်မေးခံရတဲ့ အခြေအနေဖြစ်တယ်”လို့လည်း ဗိုလ်နဂါးက ပြောပါသေးတယ်။

တကယ်တော့ NUG ရဲ့ PDF တွေ ကိုယ်တိုင်ကလည်း တစ်နေရာ တစ်ဗိုလ်စနစ်နဲ့ ကြီးစိုးပြီး စင်ပြိုင်လက်မခံတာကို ဝက်လက်မှာကတည်းက မြင်ခဲ့ရပြီး NUG ရဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂) က ဗိုလ်ကျားကြီးအဖွဲ့နဲ့ GZ Special Task Force LPDF အဖွဲ့ကို သူတို့အဖွဲ့အောက်မဝင်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်ဖြိုခွဲပစ်တာ၊ ဗိုလ်သံမဏိရဲ့ ယင်းမာပင် PDF အဖွဲ့က သူတို့အောက်မဝင်တဲ့ Hero Tiger Force က LPDF နဲ့ ပြည်သူ ၂၀ ကျော် သတ်ဖြတ် ဖြိုခွဲပစ်တာ ဖြစ်ခဲ့ပြီး ဗိုလ်နဂါးအဖွဲ့ကိုယ်တိုင်ကလည်း ဇော်ထက်တို့ ပုလဲပသုံးလုံးတွေနဲ့ မကြာခဏအငြင်းပွား နယ်မြေလုနေရတဲ့အပြင် အခုတော့ ခင်ဦးနယ်ဘက်အထိ ရောက်လာတာပါ။ ဒါ့အပြင် လက်ရှိ ချင်းပြည်နယ်ဘက်မှာလည်း ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ AA နဲ့ ပေါင်းထားတဲ့ NUG ဩဇာခံချင်းလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့အပြင် AA နဲ့ပေါင်းထားတဲ့ NUG ဩဇာခံ ချင်းလက်နက်ကိုင်တွေက ဌာနေ ချင်းတိုင်းရင်းသားလက်နက်ကိုင်တွေကို အမြစ်ဖြုတ်ဖို့ လုပ်နေကြသေးတာပါ။ ကိုယ့်ကို ဩဇာမခံဘူးဆိုကတည်းက မယုံကြည်လို့ဖြစ်ပြီး ဒီလိုမယုံကြည်ဘူးဆိုတာကို ယုံကြည်အောင် သက်သေမပြနိုင်ဘဲ လက်နက်အားကိုး၊ လူအင်အား အားကိုးနဲ့ ဖမ်းဆီး၊ သတ်ဖြတ် ဖြိုခွဲနေတဲ့သူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီတပ်မတော်လို့ ဘယ်လိုပဲအော်အော် အပြောတစ်မျိုး အလုပ်တလွဲနဲ့မို့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသူတွေအသွင်သာဖြစ်လို့ ဒီလိုလူတွေဦးဆောင်မဲ့ ဖက်ဒရယ်ဒီမိုကရေစီတပ်မတော်ဟာလည်း ဖြစ်ထွန်း ပေါ်ပေါက်နိုင်စရာရှိမယ် မထင်ပါဘူး။

◾ NUG ရဲ့ အဂတိမှု

ပြည်ပနဲ့ နယ်စပ်ကို ခြေလွတ်လက်လွတ်ပြေးခဲ့ကြပေမဲ့လည်း ကမ္ဘာတစ်ဝန်းရောက် မြန်မာတွေနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေက တော်လှန်ရေးခေါင်းစဥ်အောက်မှာ ဒေါ်လာသန်းရာချီ လှူကြတဲ့အချိန် ဒီ တော်လှန်ရေးအလှူငွေတွေကို NUG ဝန်ကြီးဆိုသူတွေက ပြည်ပမှာ မိသားစုလိုက်အခြေချနေထိုင်တာမျိုးမှာ ကိုယ်ကျိုးသုံးကြတာတွေ လက်ရှိမှာ မြင်ခဲ့ရသလို CRPH အတွင်းရေးမှူးဒေါ်ဖြူဖြူသင်းက ဒေါ်လာသန်းချီ သုံးစွဲပြီး ဖြေရှင်းချက်မပေးတာ၊ ထိုင်းနိုင်ငံမှာ ဇိမ်ခံအိမ်တွေ၊ မယားငယ်တွေနဲ့နေတယ်လို့ သတင်းထွက်တဲ့ NUG ဝန်ကြီးဦးလွင်ကိုလတ်၊ တန်ဖိုးကြီးအရက်သေ စာသောက်စားတတ်တယ်ဆိုတဲ့ NUG ဝန်ကြီးဦးရည်မွန်၊ ဘားတွေဖွင့် စီးပွားရှာတဲ့ NUG ဒုဝန်ကြီးဦးကျော်နီ၊ မျက်နှာအလှပြင်၊ နှာခေါင်းခွဲစိတ်တဲ့ NUG ဒုဝန်ကြီးအိသဉ္ဇာမောင် စတဲ့ NUG က ထိပ်ပိုင်းလူတွေရဲ့ အလှူငွေကိုယ်ကျိုးသုံး အဂတိကျုးလွန်မှုတွေကို တော်လှန်ရေးအသိုင်းအဝိုင်းကပဲ ဖော်ထုတ်ခဲ့ကြအပြီးမှာ NUG အစိုးရအဖွဲ့ဝင်ဆိုသူတွေရဲ့ အဂတိမှုကို စောင့်ကြည့်မယ်ဆိုတဲ့အဖွဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

Facebook လူမှုကွန်ရက်မှာ ပေါ်ထွက်လာတဲ့ ဒီအဖွဲ့က Anti- Corruption Taskforce (ACT) လို့ အမည်ပေးထားပြီး ACT အဖွဲ့ဟာ အဖွဲ့ဝင် (၉) ဦး၊ အကြံပေး (၂) ဦးပါဝင်တယ်လို့ ဖော်ပြထားပေမဲ့ လက်နက်ကိုင်လာတဲ့ NUG ရဲ့ အဂတိမှုတွေကို စောင့်ကြည့်မှာဖြစ်လို့ ထိန်းမနိုင်သိမ်းမရဖြစ်လာနေပြီး တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုကျူးလွန်လာကြတဲ့ PDF တွေအပါအဝင် ပသုံးလုံးအဖွဲ့တွေကို ကြောက်ကြတာကြောင့် ပါဝင်သူတွေရဲ့အမည်ကို ဖော်ပြမထားဘဲ အဂတိ လိုက်စားမှုဆန့်ကျင်ရေးအဖွဲ (မြန်မာပြည်) [email protected] နဲ့ Signal -1-646-996-4454 ကို ဆက်သွယ်ဖို့သာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေမှာ PDF တွေကို ဗန်းပြလို့ အမေရိကန်နဲ့ ထိုင်းနိုင်ငံတွေမှာ အိမ်တွေဝယ်၊ စတိုးဆိုင်တွေဖွင့်ရင်း ထောက်ပို့လုပ်ပြီး ချမ်းသာနေကြတဲ့ NUG နဲ့ ဆက်နွှယ်သူတွေကိုလည်း စောင့်ကြည့်မယ်လို ဖော်ပြထားတာ တွေ့ရပါတယ်။

ACT အဖွဲ့ဟာ သူတို့ကို ပသုံးလုံးက ဖမ်းဆီး သတ်ဖြတ်မှာကြောက်လို့ အမည်မခံရဲပေမဲ့ ရည်ရွယ်ချက်ကောင်းမွန်တာ တွေ့ရပြီး NUG ကို အပြန်အလှန်ထိန်းကျောင်းမဲ့ တင်းပြည့် လွှတ်တော် မရှိတဲ့ လစ်ဟင်းမှုကို ဖော်ပြမှာ၊ CRPH ရဲ့ ပျက်ကွက်နေတဲ့ တာဝန်ကို မီးမောင်းထိုးပြမှာအပြင် အစိုးရအမည်ခံထားတဲ့ NUG ရဲ့ တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်နေတာကို ပြည်သူတွေက ဝေဖန်စောင့်ကြည့် ထိန်းကျောင်းနိုင်ဖို့ ရည်ရွယ်ချက်သုံးခုနဲ့ လုပ်ဆောင်တာဖြစ်သလို NUG ရဲ့ အဂတိမှုတွေ ဖော်ထုတ်ပြီးတာနဲ့ အဖွဲ့ကလည်း ပျောက်ကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

တကယ်တော့ ပြည်သူတွေဟာ NUG အဖွဲ့က ဝန်ကြီးတွေ လက်ဗလာ၊ ခြေဗလာနဲ့ ပြေးကြလို့ သူတို့အလှူငွေကပဲ သုံးကြမှာကို နားလည်ထားပြီးသားပါ။ ဒါကို ဝန်မခံဘဲ အရင်ကတည်းက သိန်းထောင်သောင်းချီပိုက်ပြီး နိုင်ငံခြားပြေးကြသလိုလို၊ မိဘအမွေ သိန်းသောင်းချီပိုက်ပြီး နိုင်ငံရေးလုပ်သလိုလို ကြောင်သူတော်ဖြစ်လာချိန်နဲ့ အရက်အကောင်းစားတွေသောက်၊ မယားငယ်တွေထား၊ ဘားတွေစတိုးဆိုင်တွေဖွင့် စီးပွားရှာ၊ မျက်နှာခွဲစိတ်အလှပြင်တာတွေ အလှူခံရငွေ စာရင်းတွေမရှင်းနိုင်တဲ့အပြင် CDM တွေလည်း မဝရေစာထောက်ပံ့တာတွေ သိလာရချိန်မှာ NUG ရဲ့ အဂတိမှုတွေ စောင့်ကြည့်မယ်ဆိုတဲ့အဖွဲ့က ထွက်ပေါ်လာတာပါ။ ဒါပေမဲ့လည်း လက်ရှိမှာ Facebook Team ဟာ NLD အစိုးရဟောင်း လွှတ်တော်ကိုမတင်ပြဘဲ သိန်း ၆၄၀၀ ကျော်သုံးစွဲပြီး SMMT ထူထောင်၊ ယူနီကုတ်ပြောင်းလိုက်တာတွေကြောင့် AI တွေ Algorithm တွေဟာ ဒီမိုကရေစီအမည်ခံထားသူတွေအလိုကျဖြစ်နေတာကြောင့် Facebook ပေါ် လူ ၁၁ ယောက်နဲ့ ပွဲထွက်လာတဲ့ ACT ဟာ ဖော်ထုတ်ခံရမလား၊ မကြာခင် ပျောက်ကွယ်သွားမလား တွေးဆစရာရှိပေမဲ့ ပြည်သူ့အလှူငွေကို ကိုယ်ကျိုးသုံးတဲ့အပြင် မသုံးချင်ယောင်ဆောင်ပြီး ကြောင်သူတော်လုပ်နေကြတဲ့ NUG ကို စောင့်ကြည့်မယ်ဆိုတဲ့အဖွဲ့ရှိလာတာ အလှူရှင်ပြည်သူတွေကတော့ သဘောကျကြမှာပါလို့ ထင်မြင်မိတာ ပြောပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *