October 23, 2024

၂၃.၁၀.၂၀၂၄
Written by Hey Mar

မော်လမြိုင်မြို့မှာ ၁၀ ဘီးကားနဲ့ ဟိုက်ဂျက်ကားတိုက်မိလို့ တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ၂၃ ရက် ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ငန်းတေးမီးစက်ရှေ့ ထွေအုပ်အိမ်ရာအနီးမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်မှာ ခေါင်းပိုင်းအပါအဝင် ကားကိုယ်ထည်တစ်ခုလုံး ဆိုးဆိုးရွားရွားပျက်စီးခဲ့တာပါ။

“ကားက မျက်နှာချင်းဆိုင်တိုက်မိတဲ့ အနေအထားလို့ မြင်ရပေမယ့် မျက်မြင်တွေ့သူတွေ ပြောတာတော့ ဟိုက်ဂျက်က ရှေ့က ၁၀ ဘီးကားကို ကျော်တက်တာမှာ အရင်ချိတ်ပြီး လည်ထွက်ပြီးမှ ပြန်တိုက်မိတာလို့ ပြောကြတယ်။ ယာဉ်မောင်းကတော့ ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံအရင်ပို့လိုက်ပါတယ်။ ယာဉ်မောင်းဘေး ထိုင်ခုံက လိုက်ပါလာသူကတော့ အတော်ညပ်နေလို့ ခက်ခက်ခဲခဲ ထုတ်နေချိန်မှာပဲ ဆုံးတယ်” လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ကားခေါင်းခန်းမတွင်း ညှပ်နေတာကြောင့် မီးသတ်တပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ကာ ကြိုးစားထုတ်ယူခဲ့ရကြောင်း သိရှိရပြီး ရုပ်အလောင်းကို မော်လမြိုင်‌ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *