October 23, 2024

၂၃. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီး မြန်မာနိုင်ငံမှ ယနေ့တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) မှ အသိပေးထုတ်ပြန်ထားသည်။

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်(ရေ)နှင့် ရုရှားရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသော ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ နှစ်နိုင်ငံစစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ဂုဏ်ပြုညစာစားပွဲများအပြန်အလှန် ကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြပြီး တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ဒုတိယအကြိမ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်ရွက်ရန် ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များဖြစ်ကြသည့် စစ်ရေယာဉ် Gromky ၊ စစ်ရေယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhapov ၊ ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရုရှားရေတပ်မှ စစ်ရေယာဉ်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာ-ရုရှား ပထမအကြိမ် ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို အက်ဒမန်ပင်လယ်ထဲတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *