October 23, 2024

၂၃. ၁၀. ၂၀၂၄
Written by Thettant

အောင်လအလွန် One Championship မှာ မြန်မာ့ကိုယ်စားပြုကြယ်ပွင့်တစ်ပွင့်ဖြစ်လာတဲ့ စိုးလင်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် One Friday Fights 81 ထိုးသတ်ချိန် ဘင်တန်ဝိတ်တန်းမှာ နံပါတ် ၄ အဆင့်ရှိတဲ့ Nabil Anane ကို ရှုံးခဲ့ပေမဲ့လည်း လာမယ့်နှစ် ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမဲ့ One 170 ပွဲမှာတော့ ထိုင်းပရိသတ်တွေအလိုကျ ဆက်ဆန် (Seksan) နဲ့ ထိုးသတ်ရတော့မှာပါ။

အသက် ၃၂ နှစ်အရွယ် စိုးလင်းဦးဟာ ONE Championship ကို ရောက်မလာခင်ကတည်းက မြန်မာနိုင်ငံမှာ ရွှေခါးပတ်ချန်ပီယံအဖြစ် လူသိများ ကျော်ကြားနေသူပါ။ ၇၄ ပွဲထိုးသတ်ထားရာမှာ ၃ ပွဲပဲ ရှုံးဖူးတဲ့ မြန်မာ့လက်ဝှေ့သူရဲကောင်းဟာ သူ့ရဲ့ One Championship ခရီးကို ဒီနှစ် ဖေဖော်ဝါရီမှာ ကျင်းပခဲ့တဲ့ ONE Friday Fights 52 မှာ အစပြုခဲ့ပြီး ပြိုင်ဘက် ဂျပန်ဖိုက်တာ Masayoshi Tsuhashi ကို အလဲထိုးနဲ့ အနိုင်ယူခဲ့သူပါ။ ဒါ့အပြင် ဖေဘီယိုရီးစ်နဲ့ ပွန်စီရိတို့လို မာကျောလှတဲ့ ဖိုက်တာတွေကိုပါ အလဲထိုးပြခဲ့လို့ သုံးပွဲဆက် အလဲထိုးအနိုင်ယူအပြီးမှာ ဒေါ်လာ တစ်သိန်းတန် စာချုပ်ရလာခဲ့သလို ဘင်တန်ဝိတ်တန်းမှာ ချန်ပီယံဆုစိန်ခေါ်နိုင်သူအဖြစ်လည်း အမြန်ဆုံးရောက်ရှိလာခဲ့ပြီး Man of Steel ဆိုတဲ့ ဂုဏ်ပုဒ်ကို ဝင့်ထည်စေခဲ့ပေမဲ့လည်း အရပ်တစ်ပေလောက် ကွာဟနေတဲ့ Nabil နဲ့ ထိုးသတ်ရာမှာ​တော့ ဘာတစ်ခုမှ အသာမရဘဲ တစ်ဖက်သတ် အထိုးခံရင်း အရှုံးပေးခဲ့ရပါတယ်။

ဒါပေမဲ့လည်း စိုးလင်းဦးဟာ မွေထိုင်းပရိသတ်တွေရဲ့ အချစ်တော် Seksan နဲ့ ထိုးသတ်ပုံ၊ မာဂုဏ်၊ ဇွဲလုံလ၊ သတ္တိ၊ ရုပ်ရည်တူညီနေတာတွေကြောင့် ထိုင်းနိုင်ငံမှာ လူသိများ ကျော်ကြားခဲ့သလို စိုးလင်းဦးနဲ့ ဆက်ဆန်ကို ထိုးသတ်စေလိုကြတဲ့ ထိုင်းပရိသတ်တွေတောင်းဆိုမှုအရ One က သူတို့နှစ်ဦးကို ပွဲတည်ပေးခဲ့တာပါ။

ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုးလို့ တင်စားခံရသူ ဆက်ဆန်ဟာ လက်ရှိမှာတော့ အသက် ၃၅ နှစ်အရွယ်ရှိနေပြီး စိုးလင်းဦးထက် သုံးနှစ်ကြီးပါတယ်။ အရပ်က ၅ ပေ ၆ လက်မသာရှိပြီး စိုးလင်းဦးထက် အနည်းငယ်နိမ့်ပေမဲ့ One မှာ ၁၀ ပွဲထိုးသတ်ထားရာမှာ ၉ ပွဲအနိုင်ရထားတဲ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်မှာ One က ထိပ်တန်းဖိုက်တာ လီယမ်ဟယ်ရစ်ဆင်ကို အလဲထိုးပြီး ဒေါ်လာ ၅၀၀၀၀ ဆုငွေရထားသူမို့လို့ စိုးလင်းဦးအဖို့ အသည်းချင်းထပ်ပြရမဲ့ လက်ရုံးရည်သာမက ပြိုင်ဘက် ဆက်ဆန်ရဲ့ အားနည်းချက်ပါ လေ့လာသုံးသပ်ပြီး အနိုင်ရနိုင်မယ့် နည်းဗျူဟာ နှလုံးရည်ပါ သုံးနိုင်မှ Nabil ကို ရှုံးနိမ့်ရတဲ့ အိပ်မက်ဆိုးက နိုးထနိုင်မှာပါလို့ သုံးသပ်မိရင်း….။

Leave a Reply

Your email address will not be published. Required fields are marked *