၂၃. ၁၀. ၂၀၂၄
Written by Phyo Wei
လျှပ်စစ်ဓာတ်အားခတွေ မြင့်တက်လာမှုကြောင့် EV အားသွင်းခတွေ နှစ်ဆခန့် တိုးမြှင့်ကောက်ခံလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ဒီဇယ်ဆီစျေးတက်တာကြောင့် မြန်မာ့မီးရထားပြေးဆွဲခတွေလည်း မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဗဟိုဘဏ်က ဒေါ်လာ၊ ယွမ်နဲ့ ဘတ်တွေ အဆက်မပြတ်ထုတ်ရောင်းပေးနေတာကြောင့် တက်ချင်နေတဲ့ နိုင်ငံခြားငွေစျေးတွေက အီလည်လည်ကျနေလျက်က တဖြည်းဖြည်း တက်ရိပ်ပြလာတာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ ရက် (၉၀) နဲ့ ထွန်းပု ဆင့်ပွားမျိုးစေ့အဆင့်ရှိ (Foundation Seed) စပါးမျိုးကောင်းမျိုးသန့် တစ်တင်းကို ၆၅,၀၀၀ ကျပ်နှုန်းနဲ့ ပြန်လည်ရောင်းချပေးနေတာ စတဲ့ ဖြစ်စဉ်အနည်းငယ်ရှိပေမယ့်လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ စပါးရည်ညွှန်းစျေးကို မနှစ်ကထက် ကျပ် ၂ သိန်း တိုးမြှင့်သတ်မှတ်တာ၊ စီးပွားရေးလုပ်ငန်းရှင်တွေက အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်လာနေတာနဲ့ ရွှေဆိုင်တွေ လုံခြုံရေးအတွက် ရွှေလုပ်ငန်းရှင်တွေကို သတိပေးချက်ထုတ်ပြန်တဲ့အကြောင်းတွေကို သုံးသပ်ကြည့်ချင်ပါတယ်။
◾ ကျပ် ၂ သိန်းတိုးမြှင့် သတ်မှတ်တဲ့ စပါးရည်ညွှန်းစျေး
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မိုးစပါးနဲ့ ၂၀၂၄ ခုနှစ် နွေစပါးအတွက် အခြေခံရည်ညွှန်းဈေးကို ကျပ်ခုနစ်သိန်းခွဲ သတ်မှတ်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်တဲ့ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ရဲ့ အခြေခံရည်ညွှန်းဈေးကို ကျပ်ကိုးသိန်းခွဲ သတ်မှတ်လိုက်တာ တွေ့ရပါတယ်။ ၂၀၂၄ မိုးစပါးနဲ့ ၂၀၂၅ နွေစပါးအတွက် လက်ရှိသတ်မှတ်လိုက်တဲ့ တင်း ၁၀၀ ကျပ် ၉၅၀၀၀၀ ခွဲဟာ မနှစ်ကထက် ကျပ် ၂ သိန်း ပိုများနေပေမဲ့ ပြဿနာတစ်ခုကတော့ လက်ရှိမှာ ပြင်ပပေါက်စျေးက တင်း ၁၀၀ ကို ကျပ် ၁၇ သိန်းကျော်ဖြစ်နေတာပါ။
ပိုဆိုးတဲ့ ပြဿနာကတော့ မြန်မာနိုင်ငံမှာ စပါးရည်ညွှန်းစျေးကို ကုန်သည်တွေက လျှော့ဝယ်ချင်ကြပြီး တောင်သူလက်ထဲ စပါးမရှိတော့ချိန်မှ ကုန်သည်က ဆန်ထုတ်ကြ၊ ထင်သလိုစျေးနဲ့ အဆမတန်အမြတ်တင် ရောင်းတာကို တစ်နိုင်ငံလုံးက ခံကြရတာက နှစ်စဉ်ဖြစ်နေတာပါ။ ဒီနှစ်ထဲမှာကို Aeon Orange အပါအဝင် ဆန်ပြန်လည်ရောင်းချတဲ့ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေက အမြတ် ၇၀ ရာခိုင်နှုန်းအထိ တင်ပြီးတော့ကို ရောင်းချကြလို့ ဆန်စျေးအဆမတန်တက်တာကြောင့် အစိုးရက အရေးယူပြီးတော့ကို ဆန်စျေးထိန်းခဲ့ရသေးတာပါ။ လက်ရှိမှာလည်း စပါးတင်း ၁၀၀ ကို ကျပ် ၁၇ သိန်းကျော်ပေါက်နေချိန်မှာ ထက်ဝက်ကျော်ရုံ ကျပ် ၉၅၀၀၀၀ နဲ့ ဖြတ်ချထားပြီး ဆန်စပါးကုန်သည်လက်ထဲရောက်မှ ဘယ်လောက်တောင် အမြတ်တင်ကြမလဲဆိုတာနဲ့ အစိုးရက ဘယ်လိုထိန်းကျောင်းမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်ကြရဦးမှာပါ။
◾ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်
စီးပွားရေးလုပ်ငန်းတွေရဲ့ ဖုန်းနံပါတ်တွေရှာဖွေပြီး အကြမ်းဖက်သမား အယောင်ဆောင်ကာ ကျပ်သိန်းထောင်ချီငွေကြေးတောင်းခံထားတဲ့ တရားခံလင်မယား ၂ ဦးကို ဒီတစ်ပတ်မှာ ဖမ်းမိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဒီတရားခံ လင်မယားနှစ်ဦးဟာ တိုင်းရင်း သားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့က သင်တန်းဆင်း ကျော်ခိုင်ဝင်းနဲ့ ဇနီး အေးအေးဝင်းပါ။ တရားခံလင်မယားနှစ်ဦးဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကစပြီး Chrome Software ကတစ်ဆင့် Myanmar Business Directory Application အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖုန်းနံပါတ် ရှာဖွေလို့ သူတို့ဟာ အကြမ်းဖက်ဖောက်ခွဲရေးအုပ်စုကဖြစ်ပြီး တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ အခြားအဖွဲ့အစည်းတွေကို တိုင်တန်းမယ်ဆို သတ်ဖြတ်ခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး လားရှိုးမြို့က လုပ်ငန်းရှင် ၄ ဦး၊ သီပေါမြို့က ၁ ဦး၊ မူဆယ်မြို့က ၅ ဦး၊ နမ့်ခမ်းမြို့က ၂ ဦး၊ တောင်ကြီးမြို့က ၁ ဦး၊ လွိုင်ကော်မြို့က ၁ ဦး၊ ပြင်ဦးလွင်မြို့က ၄ ဦး၊ နောင်ချိုမြို့က ၁ ဦး၊ မန္တလေးမြို့က ၈ ဦး၊ စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးကို ခြိမ်းခြောက်ပြီး ငွေ ၂၂၁,၃၀၀,၀၀၀ ကျပ် တောင်းခံခဲ့တာပါ။
တကယ်တော့ နွေဦးတော်လှန်ရေးအမည်တပ်ပြီး PDF ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအနှံ့မှာ လက်နက်ကိုင်အဖွဲ့ ၆၀၀ ကျော် ပေါ်ထွက်လာသလို အဲဒီလိုမျိုး လက်နက်ကိုင်တွေကြောင့် အုပ်ချုပ်ရေးအာဏာစက် ပျက်ပြားသွားချိန်မှာ တောမီးလောင်လို့ တောကြောင် လက်ခမောင်းခတ်တဲ့၊ ပြည်သူကို ဒုက္ခပေးတဲ့ လက်နက်ကိုင်တွေကလည်း နှစ်ဖက်အဖွဲ့အစည်းအမည်သုံးပြီး ငွေညှစ်ကြတာပါ။ တစ်ဖက်မှာလည်း ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငွေကြေးထောက်ပံ့မိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း လက်နက်ကိုင်တွေရဲ့ ဆက်ကြေးတောင်းခံမှုတွေ၊ ငွေညှစ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ သတ်ဖြတ်ပြီး ဒလန်လို့ အမည်တပ်ကာ ပိုင်ဆိုင်မှုအသိမ်းခံလိုက်ရတဲ့ဖြစ်စဉ်တွေက အများအပြားဖြစ်လာချိန်မှာ ရွာတွေ၊ နယ်မြို့တွေက ကြွယ်၀သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မိမိဇာတိမှာ ဆက်မနေရဲတော့ဘဲ ရန်ကုန်လို၊ နေပြည်တော်လို တည်ငြိမ်ရာမြို့တွေဆီ ရွှေ့ပြောင်းအခြေချနေလာတာလည်း တွေ့ရပါတယ်။ ပိုပြီးတော့ အမြင်ကျယ်သူတွေက ထိုင်းနိုင်ငံဆီပြောင်းကြတာလည်း မျက်မြင်တွေ့နေရပြီး ဒီလိုဖြစ်စဉ်တွေဟာ နိုင်ငံတွင်းမှာ စီးပွားရေးမတည်ငြိမ်မှု၊ အိမ်ခြံမြေစျေးကွက် ကမောက်ကမဖြစ်မှု၊ ဒေသတွင်း ဆင်းရဲနွမ်းပါးသူမြင့်တက်မှု စတာတွေကိုပဲ ဖြစ်စေခဲ့တာမြင်ရပြီး ဒီဖြစ်စဉ်တွေ အနည်ထိုင်ဖို့ကတော့ တိုင်းပြည်ငြိမ်းချမ်းမှပဲဖြစ်တော့မယ့်အခြေအနေပါ။
◾ ရွှေဆိုင်လုံခြုံရေး
အောက်တိုဘာ ၂၁ ရက်က လှိုင်မြို့နယ်မှာ လူ ၆ ဦးက ဆိုင်သိမ်းပြီးပြန်လာတဲ့ မြရွှေယုန်ရွှေဆိုင်က ရွှေငါးပိဿာပါ ရွှေသေတ္တာသုံးလုံးကို သေနတ်ပစ်ဖောက်လုယက်ခံရအပြီးမှာ ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေးသတိရှိဖို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သတိပေးချက် ထုတ်ပြန်လာတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ရွှေဆိုင်နေရာတွေမှာ CCTV တပ်ဆင်ထားသလို နေအိမ်ပတ်ဝန်းကျင်နဲ့ ကားပါကင်နေရာမှာပါ CCTV တပ်ဆင်ထားဖို့၊ အရေးပေါ် Alarm Bell တပ်ဖို့၊ ရွှေငွေ သယ်ဆောင်တဲ့ ကားတွေရဲ့ လုံခြုံရေးကို အထူးသတိထားဖို့အတွက်လည်း Camera တပ်ဆင်တာ၊ GPS စနစ်တွေတပ်ဆင်တာ လုပ်ဆောင်ပြီး ဒုစရိုက်လုယက်မှု မဖြစ်ပေါ်အောင် ကာကွယ်ကြဖို့ YGEA က အသိပေး တိုက်တွန်းထားတာ ဖြစ်ပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်အပြီး PDF တွေနဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ၆၀၀ လောက် ထွက်ပေါ်လာချိန်မှာ နိုင်ငံတစ်ဝန်းက ရွှေဆိုင်တွေ မကြာခဏ ဓားပြတိုက်ခံခဲ့ရသလို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာမှာ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဓားပြတိုက်သူ ၆ ဦးကို ဖမ်းမိထားပြီလို့ အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ဖမ်းမိထားသူတွေဟာ PDF တွေလို့ ဝေဖန်ကြအပြီးမှာ နဝရတ်ရွှေဆိုင်ဓားပြမှုနဲ့ ပတ်သက်ပြီး မုံရွာလက်နက်ကိုင်တွေက ဆက်လက်ဖြေရှင်းချက်မထုတ်ပြန်တော့တာ တွေ့ရပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်ဝန်းက ရွှေဆိုင်တွေ ဓားပြတိုက်ခံရချိန်မှာ နစကအဖွဲ့ကို ဝေဖန်ကြတာတွေလည်းရှိပေမဲ့ နစကရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးပေးလို့ ချောင်ချောင်ရွှေဆိုင်၊ မြတ်မောင်ရွှေဆိုင်၊ အောင်သပြေရွှေဆိုင်၊ ထိပ်တန်းရွှေဆိုင်၊ ကြယ်စင်လင်းရွှေဆိုင်၊ ကျုံစင်းရွှေဆိုင်၊ နှင်းဆီရွှေဆိုင် စတဲ့ ရွှေဆိုင်တွေ ကျပ်သိန်းသောင်းချီ လုယက်ခံရတဲ့ဖြစ်စဉ်တွေကို ဖမ်းဆီးခဲ့သလို ကျုးလွန်သူတွေကိုလည်း ဖော်ထုတ်ရှင်းလင်းထွက်ဆိုခိုင်းတာမြင်ရပါတယ်။ တခြား ဖမ်းမိတာလည်း အများအပြား ရှိသေးပေမဲ့ မုံရွာမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က န၀ရတ်ရွှေဆိုင် ဓားပြတိုက်သူတွေကို ဖမ်းမိထားတယ်ပြောပြီးမှ ကျုးလွန်သူတွေက PDF တွေလို့ ဝေဖန်တာတွေ တွေ့ရချိန်မှ မုံရွာမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကိုယ်တိုင်ကလည်း ဖမ်းမိ ဓားပြအဖွဲ့တွေနဲ့ ဆက်နွှယ်တာ၊ ရွှေတွေ ပြန်ရမရ တစ်ခုမှ ဆက်မထုတ်ပြန်တော့တာ အံ့ဩစရာပါ။
အရင်ကလည်း PDF တွေက ရွှေဆိုင်ကို လုယက်သတ်ဖြတ်ဓားပြတိုက်မှုက သက်သေနဲ့ ပေါ်ထွက်ဖူးပါတယ်။ ဒီအထဲ အဆိုးဆုံးက လက်ရှိအချိန်မှာ ခေါင်းဆောင်ကို ပစ်သတ်ပြီး ဖျက်သိမ်းခံလိုက်ရတဲ့ NUG လက်အောက်ခံ မြင်းခြံခရိုင် တပ်ရင်း (၅) MG 6 ပြောက်ကျားတပ်ဟာလည်း မြင်းခြံမြို၊ အမှတ် (၇) ရပ်ကွက်၊ စည်ပင်သာယာစျေးမြောက်ဘက်က နီနီလွင်ရွှေဆိုင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်မှာ ဓားပြတိုက်ပြီး ဆိုင်ရှင်ဦးဇော်နိုင်ထွန်းကို သေနတ်နဲ့ ပစ်သတ်မှု ကျူးလွန်ခဲ့တယ်လို MG6 ပြောက်ကျားတပ်ခေါင်းဆောင် ဖိုးချမ်း (ခ) တပ်ရင်းမှူးဗိုလ်ကျော်လင်းထွန်းကို သတ်ဖြတ်ပြီး MG6 တစ်တပ်လုံး လက်နက်ဖြုတ်သိမ်းခဲ့တဲ့ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါ့အပြင် MG6 PDF တွေဟာ ရွှေဆိုင်ဓားပြတိုက်လူသတ်ရုံမက တခြား လူသတ်မှု၊ လုယက်မှုတွေ ရာချီပါ ကျုးလွန်ခဲ့တာကြောင့် လက်နက်ဖြုတ်သိမ်းလိုက်တာလို့လည်း ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း သတင်း ထုတ်ပြန်စဥ်မှာ ဖော်ပြခဲ့သေးတာလည်း တွေ့ရတာကြောင့် နိုင်ငံတစ်ဝန်းက ရွှေဆိုင်ဓားပြမှုတွေမှာ PDF တွေဟာလည်း တစ်တပ်တအားပါဝင်နေတာကြောင့် သက်ဆိုင်သူတွေ ထိန်းကျောင်းဖို့လိုအပ်ကြောင်း သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။