၂၃.၁၀. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးသည် အလေးချိန် ကီလိုဂရမ် ရာချီရှိသော မှန်ချပ်ကြီးများပြုတ်ကျရာမှ မှန်ကွဲစများ လည်ပင်းထိမှန်ကာ အောက်တိုဘာ ၂၃ ရက်နေ့တွင် ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဘန်လမန်ရဲစခန်းမှ တာဝန်ရှိသူများသည် အလုပ်သမားတစ်ဦးအပေါ်ကို မှန်ချပ်ကြီးများ ပိမိရာမှ မှန်ကွဲများထိမှန်ကာ သေဆုံးခဲ့သည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို ပွဲချင်းပြီးသေဆုံးနေခြင်းအား တွေ့မြင်ခဲ့ရကြောင်း ပြောခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ချွန်ဘူရီပြည်နယ်၊ အမှတ် (၁)ကျေးရွာ အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို
သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ မှန်ချပ်များတင်ဆောင်လာသော ၁၈ ဘီးကား ကွန်တိန်နာကားနားတွင် မြန်မာနိုင်ငံသားတစ်ဦးသေဆုံးခြင်းကို တွေ့မြင်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောသည်။
ကွန်တိန်နာကားအတွင်း အလေးချိန် ကီလိုဂရမ်ရာချီရှိနေသော ကြီးမားသည့် မှန်ချပ်ကြီးများရှိနေပြီး ထို မှန်ချပ်ကြီးများကို ရွှေ့ပြောင်းချိန်တွင် မြန်မာနိုင်ငံသားအပေါ်ပြုတ်ကျခဲ့ရာမှ မှန်ကွဲစများထိမှန်ကာ အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူသည် ကိုကောင်းဆန်းဝင်းဆိုသူဖြစ်ပြီး မှန်ကွဲစများက ၎င်း၏ မျက်နှာနှင့် လည်ပင်းတို့ကို ထိမိရာမှာ သေဆုံးခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူမြန်မာနိုင်ငံသားနှင့်အတူ အလုပ်လုပ်နေသည့် အခြားသူများက ကွန်တိန်နာကားသည် မှန်များနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာခဲ့ကြောင်း၊ ကွန်တိန်နာကားအပေါ်ကိုတက်ကာ မှန်များကို ရွှေ့ရန် ကြိုးပမ်းခဲ့ရာမှ ကွန်တိန်နာနံရံတွင် မှီကပ်ထားသည့် မှန်ချပ်ကြီးများသည် သေဆုံးခဲ့သော ကိုကောင်းဆန်းဝင်းအပေါ် ပြိုလဲကျကာ မှန်ကွဲစများထိမှန်ပြီး သေဆုံးခဲ့ခြင်းမျိုးဖြစ်ကြောင်းပြောသည်။
ကွန်တိန်နာတွင်ရှိနေသည့် အလေးချိန် ကီလိုဂရမ်ရာချီရှိနေသောမှန်များကို ရွှေ့ပြောင်းရာတွင် အမှားယွင်းများလုပ်မိခဲ့သည့်အတွက် မတော်တဆအက်ဆီးဒန့်ဖြစ်ပွားကာမြန်မာနိုင်ငံသားအပေါ် သို့ ပြုတ်ကျကာ မှန်ကွဲစများထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
Ref, 77kaoded