October 23, 2024

◾ တရားရုံး အတည်ပြုချက် ရရှိပါက သတင်းစာကြော်ငြာထည့်ကာ လေလံထပ်မံပြုလုပ်မည်

၂၃.၁၀.၂၀၂၄
Written By Zun

ဒုတိယအကြိမ် လေလံမအောင်ခဲ့သည့် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏လေလံကြမ်းခင်းဈေးကို ကျပ်ဘီလျံ ၃၀၀ မှ ဘီလျံ ၂၉၀ သို့ လျှော့ချ တင်ပြထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်း သိရသည်။

“၂၉၀ နဲ့ လေလံပြန်တင်ဖို့ လျှော့ချပြီးတော့ လျှောက်တာ။ ဆုံးဖြတ်ချက်မချရသေးဘူးလေ။ တရားရုံးက ဆုံးဖြတ်မှာ။ အခုက တင်ထားတာ။ တစ်ဖက်က ရှေ့နေက ဘာပြောဦးမလဲ မသိဘူး။ ကန့်ကွက်မှာလား၊ ဘာလားက ရှိနေသေးတယ်။ သဘောမတူပါဘူး၊ ဘာဘူးညာဘူးလုပ်ချင်လုပ်ချင်လုပ်ဦးမှာ။ အခုလာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်းထားတယ်။ အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဘက်က တင်ပြမယ်။ ပြီးလို့ရှိရင် တင်ပြတဲ့အပေါ်မှာ နောက်ထပ်ရုံးချိန်းထပ်ချိန်းပြီး တရားရုံးက ဆုံးဖြတ်၊ အတည်ပြု၊ ပြီးမှ သတင်းစာကြော်ငြာတွေ ထည့်မယ်။ ကြော်ငြာထည့်ပြီး တစ်လလောက် ကြာမှ လေလံလုပ်မယ်။ အဲလို အဆင့်ဆင့်လုပ်ရမှာဆိုတော့ ကြားထဲမှာ ကြာမယ်။ တစ်ဖက်က ကန့် ကွက်ရင်လည်း ကြာမှာ”ဟု အဆိုပါ ခြံလေလံကိစ္စကို လိုက်ပါ ဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေက MT News ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) ၏ လေလံဈေးနှုန်းကို တရားရုံးဆုံးဖြတ်ချက်ဖြင့် ကနဦးသတ်မှတ်ထားသည့် ကျပ်ငွေ ၃၁၅ ဘီလျံဖြင့် မတ်လ ၂၀ ရက်က လေလံပစ်ရာ မအောင်မြင်သဖြင့် ဩဂုတ် ၁၅ ရက်က ကျပ်ဘီလျံ ၃၀၀ ဟု တရားရုံးအမိန့်ဖြင့် ပြောင်းလဲကာ ဒုတိယအကြိမ် လေလံပစ်သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ သို့သော်လည်း လေလံမအောင် မချင်း လေလံပြုလုပ်နိုင်ကြောင်း MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါခြံကို အများစုက ခြံအမှတ် (၅၄) ဟု ခေါ်သော် လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း၊ ရင်သွေးနှစ်ဦးဖြစ်သည့် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနှစ် ၂၀ ခန့် အမွေလုခဲ့ကြပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးက ရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *