October 23, 2024

၂၃.၁၀.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ ရေဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် ရရှိလာတဲ့အလှူငွေ ကျပ်သိန်း ၅၀ ထဲက လိုအပ်နေတဲ့နေရာတွေကို ထပ်မံလှူဒါန်းမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

“သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရေဘေးသင့်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အလှူလေးလုပ်ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ခုနစ်ရက်သားသမီးအပေါင်းတို့ရဲ့ စုပေါင်းအလှူဖြစ်ပါတယ်။ တောင်ငူက ရေဘေးသင့်ပြည်သူတွေ နားခိုကြတဲ့ သာသနာ့ဗိမာန်မှာ သွားရောက်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ။ ရေဘေးကြောင့် ဒုက္ခရောက်နေကြတဲ့ သူတွေကို မြင်ရတော့ စိတ်ထဲလည်း မကောင်းပါဘူးဗျာ။ ခုလို ကိုယ်တိုင်သွားတဲ့အချိန်မှာလည်း သူတို့ ဘဝအမောတွေ ခဏတာပြေပျောက်စေမယ်လို့လည်း ထင်မိပါတယ်။ ဒီအလှူလေးကြောင့် ကြည်နူးသာဓုခေါ်ဆိုနိုင်ဖို့အတွက်လည်း ကျွန်တော်က ရည်ရွယ်ပါတယ်” လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။

ဟိန်းဝေယံတို့ လက်ရှိလှူဒါန်းမှူမှာ တောင်ငူမြို့ ကရုဏာရင်ခွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေး ပရဟိတအသင်းကို အလှူငွေလက်ကျန် ကျပ်သိန်း ၅၀ ထဲက ငွေကျပ် ၁၅ သိန်း၊ မြစ်သားမြို့ ရေဘေးသင့် အိမ်ထောင်စု ၅၀ အတွက်လည်း အလှူလက်ကျန်ငွေ ၃၅ သိန်းထဲက ငွေကျပ် ၁၅ သိန်းကျပ်ကို သွားရောက် လှူဒါန်းတာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ကျန်ရှိနေတဲ့ ငွေကြေးတချို့ကိုလည်း ထပ်မံလှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဟိန်းဝေယံက ရေဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် သိန်း ၃၀၊ အဝတ်အထည် ၂၀၀ ကို မ,တည်ခဲ့တာဖြစ်ပြီးတော့ ခုနစ်ရက်သားသမီးတွေနဲ့အတူ စုပေါင်းအလှူအနေနဲ့ အလှူငွေကျပ်သိန်း ၁၅၀ နဲ့ အစားအသောက်၊ အဝတ် အထည်၊ ဆေးဝါးတွေကို လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

#ဟိန်းဝေယံ

#HeinWaiYan

#MyanmarActor #MyanmarCeleDonation

Leave a Reply

Your email address will not be published. Required fields are marked *