October 23, 2024

၂၃.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရဲ့ အဓိကကျွန်းကြီးဖြစ်တဲ့ လူဇုန်ကျွန်းဆီကို ဦးတည်ကာ အရှေ့ဘက်ကမ်းရိုးတန်းမှ ချဉ်းကပ်လာနေတဲ့ အပူပိုင်းမုန်တိုင်း ထရာမီ(Trami) ကြောင့် အောက်တိုဘာ ၂၃ ရက်မှာ အစိုးရရုံးတွေနဲ့ ကျောင်းတွေကိုပိတ်ခဲ့ပြီး ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်မှုကို ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်မိုးလေဝသဌာနဖြစ်တဲ့ Pag-asa က မုန်တိုင်းရဲ့ဗဟိုချက်ဟာ နိုင်ငံအလယ်ပိုင်းရှိ Virac မြို့ရဲ့ အရှေ့ဘက် ၁၁၂ မိုင် (၁၈၀ ကီလိုမီတာ)အကွာမှာရှိနေတယ်လို့ အောက်တိုဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီက ခန့်မှန်းခဲ့ပါတယ်။ မုန်တိုင်းက အောက်တိုဘာလ ၂၃ ရက် ညပိုင်းမှာတော့ ဖိလစ်ပိုင်ကမ်းရိုးတန်းကို ဖြတ်ပြီး ကုန်းတွင်းဝင်ရောက်မယ်လို့လည်း မိုးလေဝသခန့်မှန်းချက်တွေက ဆိုပါတယ်။

Pag-asa က ထရာမီမုန်တိုင်းရဲ့ လမ်းကြောင်းမှာရှိတဲ့ မြို့ရွာတွေအနေနဲ့ လေပြင်းတွေတိုက်ခတ်တာ၊ မိုးသည်းထန်စွာရွာတာတွေဖြစ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဒါ့ပြင် ထရာမီ မုန်တိုင်းက ဖိလစ်ပိုင်အနောက်ဘက်ကမ်းခြေမှ ပင်လယ်ပြင်သို့ပြန်လည်ဝင်ရောက်ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်း အားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ်ထပ်မံ အဆင့်မြင့်ကာ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ ပင်လယ်ကမ်းခြေကို ဦးတည်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *