October 23, 2024

ပုံစာ။ သူပုန်လက်နက်ကိုင် KIA ဖမ်းဆီးခံထားရသော နောင်ရိုးနှင့် တာလင်းမောင် (Photo – Soe Win Aung)

၂၃. ၁၀. ၂၀၂၄
Written by Tha Doe

သူပုန်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA က စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ဖမ်းဆီးထားတဲ့ Red News Agency က သတင်းထောက် တာလင်းမောင်နဲ့ အလွတ်တန်းသတင်းထောက် နောင်ရိုးတို့နှစ်ဦးကို ချက်ချင်းပြန်လွှတ်ပေးဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က မနေ့က ထုတ်ပြန်လာပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စက်တင်ဘာလအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအပေါ် ဝေဖန်မှုနဲ့ KIA က ဖမ်းဆီးထားတဲ့ တာလင်းမောင်နဲ့ နောင်ရိုးတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာနဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း အောက်တိုဘာ ၂၂ ရက်အထိ KIA က အကြောင်းမပြန်ဘူးလို့ Red News Agency က အယ်ဒီတာဦးဝင်းဇော်နိုင်က ပြောတယ်လို့လည်း CPJ က ဖော်ပြထားပါတယ်။

Rebel Group လို့ CPJ က သုံးနှုန်းခံရတဲ့ KIA ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားကြီးတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်သလို တာလင်းမောင်နဲ့ နောင်ရိုးဟာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သောင်းကျန်းသူတွေက ဖမ်းဆီးခံရတဲ့ သတင်း ထောက်နှစ်ယောက်ဖြစ်လာကြောင်းလည်း CPJ က ဖော်ပြထားပြီး ဒီဖမ်းဆီးမှုကို တာဝန်ခံဖို့နဲ့ မှတ်ချက်ပေးဖို့ KIA ပြောရေးဆိုခွင့်ရှိသူနှစ်ဦးထံ CPJ က ဆက်သွယ်ပေမဲ့ ဖုန်းကိုင်ဆောင်မှုမရှိကြဘူးလို့လည်း ဖော်ပြထားပါတယ်။

အလွတ်တန်းသတင်းထောက် နောင်ရိုးဟာ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်လို့လည်း သိရပြီး တာလင်းမောင်ကတော့ အရင်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ နယ်သတင်းထောက်ဖြစ်ပေမဲ့ CDM လုပ်ပြီး Red News Agency မှာ လုပ်ကိုင်နေသူပါ။

မြန်မာနိုင်ငံမှာ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်အထိ သတင်းသမား ၄၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ CPJ က ဖော်ပြထားသလို ဒီလို ဖမ်းဆီးခံရချိန်တွေမှာ ပြည်တွင်းပြည်ပက မြန်မာသတင်းထောက်အဖွဲ့အစည်းတွေဟာ ချက်ချင်းပြန်လွှတ်ဖို့ စာထုတ်လေ့ရှိကြပေမဲ့လည်း သူပုန်အုပ်စုဖြစ်တဲ့ KIA က သတင်းထောက်နှစ်ယောက်ကို ဖမ်းဆီး အစဖျောက်ထားချိန်မှာတော့ တာလင်းမောင်ရဲ့ မိခင်သတင်းဌာနရော၊ ပြည်တွင်းပြည်ပ မြန်မာသတင်းအဖွဲ့အစည်းတွေကပါ KIA က ဖမ်းဆီးထားတဲ့ သတင်းသမားနှစ်ယောက် ပြန်လွှတ်ပေးဖို့ ထုတ်ပြန်တောင်းဆိုမှု မပြုရဲတာကိုလည်း တွေ့ရပါတယ်။

ပုံစာ။ သူပုန်လက်နက်ကိုင် KIA ဖမ်းဆီးခံထားရသော နောင်ရိုးနှင့် တာလင်းမောင် (Photo – Soe Win Aung)

Leave a Reply

Your email address will not be published. Required fields are marked *